ပုလော၊ ဩဂုတ် ၃၁

တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ အင်အား ၇၀ ဝန်းကျင်နဲ့ ရှပ်ပုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်တွေကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

မနက် ၇ နာရီအချိန်ခန့်ကစပြီး ည ၈ နာရီအထိ တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၄ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် အဲဒီနေ့ မနက် ၈ နာရီအချိန်ခန့်မှာလည်း ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းရဲ့ မိုင်ခရိုဝေ့တောင် စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီရဲ့ စစ်ကားတစ်စီးကိုလည်း ရိက္ခာတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ ရိက္ခာလာပို့တဲ့ကားဟာ အရပ်သား မောင်းနှင်လာတာဖြစ်ပြီး ပုံမှန်ဆိုရင် စစ်ကောင်စီတပ်သားတွေ လိုက်ပါလေ့ရှိပေမယ့် အဲဒီ လမ်းပိုင်းတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှောင်တခင် စစ်ဆေးလေ့ ရှိတာကြောင့် အရပ်သားကိုပဲ လွှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာလည်း အင်အား ၃၀ ဝန်းကျင်ဖြင့် ပုလောအခြေစိုက် အမှတ် ၂၈၅ ခြေမြန်တပ်ရင်းကနေ မိုက်ခရိုဝေ့တောင် စစ်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ရှပ်ပုံကျေးရွာက ဝါးတန်းဘုန်းကြီးကျောင်းမှာ တပ်စွဲနေတာကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ် တိမ်းရှောင်နေရသလို အရပ်သားပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)၊ တပ်ရင်း ၇ တပ်ခွဲ (၅)၊ Light Of Future Drone Team နဲ့ KNDO ဒရုန်းပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ကလည်း ပလမြို့ရဲစခန်းနဲ့ ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.