ကိဗ်၊ သြဂုတ် ၃၁

ယူကရိန်းရဲ့ တန်ဖိုးထားရတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေထဲက တစ်စီး ပျက်ကျခဲ့မှုနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုမှုတွေ ရှိနေချိန်မှာ လေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာ အိုလက်ရှူကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထုတ်ပယ်လိုက်ပါတယ်။

ဒီလို ထုတ်ပယ်လိုက်တဲ့ အကြောင်းရင်းကို သမ္မတ ဇီလန်စကီးက ထုတ်မပြောပေမယ့် တယ်လီဂရမ်ပေါ်က ပို့စ်တစ်ခုမှာ စစ်သည်တွေ အားလုံးကို စောင့်ရှောက်ဖို့က သူ့တာဝန် ဖြစ်တယ်လို့ သမ္မတက ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ အနောက်တိုင်း မဟာမိတ်တွေဆီက အခုလ စောစောပိုင်းက ပေးပို့ထားတဲ့ အမေရိကန်နိုင်ငံထုတ် အက်ဖ်-၁၆ တိုက်လေယာဉ် တစ်စီးဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်မှာ ရုရှားက ဒုံးကျည်တွေ ပစ်လွှတ်နေချိန်အတွင်း ပျက်ကျသွားခဲ့ရာကနေ ယာဉ်ပေါ်ပါ လေယာဉ်မှူး သေဆုံးခဲ့ရပါတယ်။

ပျက်ကျရတဲ့ အကြောင်းရင်းဟာ ရန်သူရဲ့ တိုက်ခိုက်မှုကြောင့် မဟုတ်ဘူးလို့ ယူကရိန်းက ပြောပါတယ်။

အဲဒီဆုံးရှုံးမှုအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး အိုလက်ရှူဟာ နိုင်ငံရေးသမား တချို့နဲ့ အချေအတင် ပြောဆိုခဲ့ပါတယ်။

ကွပ်ကဲရေးအဆင့်မှာ မိမိတို့ဟာ အားကောင်းအောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး မိမိတို့ လူတွေကို ကာကွယ်ရမယ်လို့ သမ္မတ ဇီလန်စကီးက အွန်လိုင်းမှာ ရေးပါတယ်။

သေဆုံးသွားတဲ့ လေယာဉ်မှူးဟာ ဗိုလ်မှူး အိုလက်စီ မက်စ် ဖြစ်ကြောင်း ယူကရိန်း လေတပ်က စောစောပိုင်းက ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူး မက်စ်ဟာ ယူကရိန်းရဲ့ အတွေ့အကြုံ အများဆုံး လေယာဉ်မှူးတွေထဲက တစ်ယောက် ဖြစ်ပြီး အက်ဖ်-၁၆ စစ်ဆင်ရေးတွေ အတွက် နိုင်ငံခြားမှာ လေ့ကျင့်သင်ယူခဲ့သူ ဖြစ်ပါတယ်။

ယူကရိန်း လေတပ်ရဲ့ ယာယီတပ်မှူးအဖြစ် ဒုဗိုလ်ချုပ်ကြီး အနာတိုလီ ခရိုင်ဗွန်နော့ချ်ကို ခန့်အပ်ထားကြောင်း စစ်တပ်ရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

လွှတ်တော် ကာကွယ်ရေး ကော်မတီမှာ ပါဝင်တဲ့ ယူကရိန်း နိုင်ငံရေးသမား မာရီယာနာ ဘီဇူလာက ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ဟာ ယူကရိန်းရဲ့ Patriot လေကြောင်းကာကွယ်ရေးစနစ်ရဲ့ ပစ်ချတာကို ခံခဲ့ရတာ ဖြစ်တယ်လို့ သြဂုတ် ၃၀ ရက်မှာ ပြောကြားထားပါတယ်။

ယူကရိန်းသို့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးပို့လိုတဲ့ ဥရောပ မဟာမိတ်တွေ အနေနဲ့ ပေးပို့နိုင်ကြောင်း အမေရိကန်သမ္မတ ဘိုင်ဒန်က ခွင့်ပြုခဲ့ပြီးနောက် နေတိုး မဟာမိတ်တွေက အက်ဖ်-၁၆ တိုက်လေယာဉ် ၆၅ စီး ပေးပို့မယ်လို့ ကတိပြုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.