တနင်္သာရီ၊ ဩဂုတ် ၃၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ၆ မိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် လေးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၆ မိုင်ကျေးရွာဘက်ကို အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့ကနေ ဩဂုတ် ၂၉ ရက်နေ့အထိ နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း ၆ မိုင်ကျေးရွာအတွင်း ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုမဟာမိတ် ပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်အပြင် ဒရုန်းတွေနဲ့ နှစ်ဖက်ညှပ် ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

လေးရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ် ပြောပါတယ်။

ဒါအပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ၆၀ မမ စိန်ပြောင်းတစ်လက်နဲ့ ခဲယမ်းတွေအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သလို တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်တွေဘက်က ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ထုံထော်ကျေးရွာနဲ့ ၆ မိုင်ကျေးရွာမှာ အပြစ်မဲ့အရပ်သားပြည်သူ ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ အရပ်သား ခြောက်ဦး ပြန်လွတ်ခဲ့ပေမယ့် ကျန်တဲ့နှစ်ဦးဟာ ပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၂၉ ရက် ညနေပိုင်းကတည်းက ညောင်းပင်းကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းထဲကို ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ၊ KNLA တပ်ရင်း ၁၁ နဲ့ KTLA စတဲ့ မြေပြင်တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ ADF ဒရုန်းအဖွဲ့၊ ဒရုန်းအဖွဲ့ (Dragon Squad)နဲ့ မြိတ်ခရိုင် ဒရုန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခု ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကြောင်း ၁

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.