ကျိုက်မရော၊ ဩဂုတ် ၃၁

မွန်ပြည်နယ် ကျိူက်မရောမြို့နယ် ကော့ပနော-ဝငဲ-ကော့ဝမ်းကျေးရွာသွားလမ်းဆုံကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ အဲဒီလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ချလိုက်တဲ့ ဒရုန်းဗုံးသုံးဟာ လမ်းဆုံဂိတ်ကို မကျဘဲ လမ်းဆုံအနီးက စက်သုံးဆီဆိုင်အနီးနဲ့ လူနေအိမ်တွေရဲ့ အနောက်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဆီဆိုင်အနီးမှာ ရှိနေတဲ့ အသက် ၂၀ အရွယ် စိတ်ကျန်မာရေး မကောင်းတဲ့ အမျိုးသား တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ လေးဦးကိုတော့ ကျိုက်မရောဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသကို ဒရုန်းနဲ့ကင်းထောက်ပြီး မကြာခဏဆိုသလို ဗုံးချတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး တချို့ဒေသခံတွေကတော့ ဘေးလွတ်ရာ နေရာကို ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.