FILE PHOTO: A soldier from the Karen National Liberation Army (KNLA) carries an RPG launcher at a Myanmar military base at Thingyan Nyi Naung village on the outskirts of Myawaddy, the Thailand-Myanmar border townr, April 15, 2024. REUTERS/Athit Perawongmetha//File Photo

ဘားအံ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းက မြပတိုင်ကျေးရွာအတွင်း KNLA တော်လှန်ရေး အင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ၃ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့အကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ KNU တပ်မဟာ ၇ နယ်မြေ ကော့ကရိတ်မြောက်ဘက်ပိုင်း နဘူး-မြပတိုင်-တံတားကျိုး(ကော့ကရိတ်) လမ်းပေါ်ရှိ မြပတိုင်ကျေးရွာထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများပြားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မြပတိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်က တပ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဩဂုတ် ၃၀ ရက်နေ့က မြပတိုင်ကျေးရွာလမ်းဆုံမှာ နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဆိုင်ကယ်တစ်စီးကိုပါ ယူဆောင်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ရင်ကွဲတောင်နဲ့ မြပတိုင်ကြား လမ်းဆုံးမှာ စစ်တပ်က ဆိုင်ကယ်မောင်းနှင်နေသူ အရပ်သား အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း၊ အဖြူရောင် ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားကြောင်း၊ ပစ်သတ်ခံရသူမှာ ဘယ်ရွာမှာနေသလဲဆိုတာ မသိရသေးကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ မြပတိုင်ကျေးရွာရဲ့ မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ စကခ ၁၂ လက်အောက်ခံ နဘူးအခြေစိုက် ဗျူဟာတပ်ရင်းတွေရှိသလို တောင်ဘက်ခြမ်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ရင်ကွဲတောင် တပ်စခန်းနဲ့ ကော့ကရိတ် စကခ ၁၂ ဌာနချုပ်တည်ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းက ရင်ကွဲတောင်စခန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က မြပတိုင်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

လက်ရှိမှာ မြပတိုင်ကျေးရွာအတွင်း နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ နဘူး-မြပတိုင်-တံတားကျိုး(ကော့ကရိတ်) လမ်းပိုင်းကို သွားလာခွင့်ပိတ်ပင်ထားသလို လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် နဘူး-မြပတိုင်-တံတားကျိုးလမ်းနဲ့ နဘူး-ကျုံဒိုးလမ်းပိုင်းတွေမှာ ပြည်သူတွေအနေနဲ့ သွားလာတာတွေမပြုလုပ်ကြဖို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

မြပတိုင်ကျေးရွာအတွင်း ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာထဲမှာ ရွာသူရွာသားတွေ တစ်ဦးတစ်ယောက်မှ မရှိတော့ဘဲ နီးစပ်ရာကျေးရွာတွေနဲ့ အခြားနေရာတွေဘက်ကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြောက်ဘက်ပိုင်းရှိ နဘူး၊ မြပတိုင်ကျေးရွာ စသော ဒေသတွေနဲ့ ကျုံဒိုးမြို့ ဒေသ ပတ်ဝန်းကျင်အတွင်း စစ်ရေးအရ သွားလာလှုပ်ရှားမှုတွေ အရင်ကထက် ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေပြီး သွားလာနေတဲ့ ဒေသခံအရပ်သားတွေကို စစ်ဆေးမေးမြန်းတာတွေလည်း ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ မြ၀တီမြို့နဲ့ သင်္ဃန်းညီနောင်ဒေသထဲကို နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ အောင်ဇေယျစစ်ဆင်ရေးကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး တပ်အင်အားတွေကို ပို့လွှတ်လိုက်ပြီးတဲ့နောက် ကျုံဒိုး၊ ကော့ကရိတ်၊ မြပတိုင်၊ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတွေဘက်မှာ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.