မကွေး ဩဂုတ် ၂၄

မကွေးတိုင်း စေတုတ္တရာမြို့နယ်ရှိ ကျေးရွာနှစ်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စေတုတ္တရာမြို့နယ်က ဝန်လိုရွာနဲ့ ခိုနန်းရွာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးသွားပြီး တန်ဖိုးရှိပစ္စည်းတွေကိုယူဆောင်သွားတာပါ။

“ဒါတွေက မျှော်လင့်ထားပြီးသားပါ။ စုဆောင်းထားတာတွေ ပါသွားတော့ ဝမ်းနည်းမိတာပေါ့။ ဒါပေမဲ့ စကစ ကျရှုံးဖို့ သိပ်မလိုတော့တဲ့အတွက် စိတ်ဓာတ်ကျနေမှာတော့ မဟုတ်ဘူး။ ဒီကောင်တွေ အမြန်ကျရှုံးဖို့ဆုတောင်းတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝန်လိုရွာနဲ့ ခိုနန်းရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကနေ ၂၁ ရက်အထိ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြန်ဆုတ်သွားပြီလို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာသွားပြီးနောက် မော်တော်ကား၊ ဆိုင်ကယ်နဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ပွင့်ဖြူ ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။

နယ်မြေရှင်းလင်းရေးကို ကာကွယ်ရေးအဖွဲ့တွေက လုပ်ဆောင်တဲ့အခါမှာလည်း ထုပ်ပိုးပြီး မသယ်ဆောင်ရသေးတဲ့ ပစ္စည်းတွေ စုပုံထားတာ၊ စာသင်ကျောင်းမှာ တပ်စွဲထားတာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရွာသူရွာသားတွေကတော့ အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးတဲ့အပြင် နှစ်ရွာပေါင်း စစ်ရှောင်ဦးရေ ၈၀၀ ဝန်းကျင်ရှိနေတယ်လို့ ပွင့်ဖြူ ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၇ ရက်ကနေ ၁၉ ရက်အထိ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင် သေဆုံးထားကာ ကာကွယ်ရေးအဖွဲ့တွေဘက်က ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပွင့်ဖြူ ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.