ဒါကာ၊ သြဂုတ် ၁၄
ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုအတွင်း လူတစ်ဦးကို ရဲတပ်ဖွဲ့က သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ထိပ်တန်း အရာရှိဟောင်း ခြောက်ဦးကို လူသတ်မှုနဲ့ သြဂုတ် ၁၃ ရက်မှာ အမှုဖွင့်လိုက်ပါတယ်။
ဒါကာမြို့ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ ပြည့်နှက်သွားခဲ့ပြီး ဆူပူ အကြမ်းဖက်မှုများ ဖြစ်လာချိန်မှာ အသက် ၇၆ နှစ်အရွယ် ဟာဆီနာ ဟာ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားခဲ့ပါတယ်။
သီတင်းပတ်များစွာကြာတဲ့ မငြိမ်သက်မှုတွေအတွင်း လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ အစိုးရဟာ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက် ထောင်ပေါင်းများစွာကို ဥပဒေပြင်ပ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
တရားရုံးက အမှုဖွင့်လိုက်ကြောင်း ကြေညာပြီးနောက် နာရီပိုင်းအကြာမှာ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာက ထောက်ခံသူတွေ အနေနဲ့ လူထုအင်အား ပြသကြဖို့ သြဂုတ် ၁၃ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
လာမယ့် သြဂုတ် ၁၅ ရက်ဟာ ၁၉၇၅ ခုနှစ်က စစ်တပ် အာဏာသိမ်းမှုအတွင်း ဟာဆီနာရဲ့ ဖခင် လွတ်လပ်ရေး သူရဲကောင်း ရှိတ်ခ် မူဂျီဘာ ရာမန် လုပ်ကြံသတ်ဖြတ်ခံရတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပြီး အဲဒီနေ့မှာ ထောက်ခံသူတွေအနေနဲ့ အင်အားပြသကြဖို့ တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။
အဲဒီတိုက်တွန်းချက်ကို အမေရိကန်မှာ နေထိုင်နေတဲ့ သူ့ရဲ့ သားဖြစ်သူက တစ်ဆင့် ဂျာနယ်လစ်တွေဆီ ဟာဆီနာက ပေးပို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ သူ့အနေနဲ့ ရာထူးက နုတ်ထွက်ပြီးနောက်ပိုင်း ပထမဆုံး လူသိရှင်ကြား ပြောဆိုမှု ဖြစ်ပါတယ်။
အိန္ဒိယမှာ ဆက်လက်နေထိုင်နေတဲ့ ဟာဆီနာက မငြိမ်သက်မှုတွေအတွင်း ကျောင်းသားတွေနဲ့ အခြားအရပ်သားတွေ သတ်ဖြတ်ခံရမှုကို စုံစမ်း စစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်း ထွက်ပေါ်နေတဲ့ သတင်းတစ်ရပ်မှာ ဟာဆီနာ ရာထူးက ပြုတ်ကျအောင် လုပ်ဆောင်ရာမှာ အမေရိကန် ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြထားပေမယ့် အိမ်ဖြူတော်က သူတို့အနေနဲ့ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။
အဲဒီ ဖြစ်ရပ်တွေမှာ အမေရိကန် ပါဝင်နေတယ်လို့ ဖော်ပြထားတဲ့ သတင်းတွေ ဒါမှမဟုတ် ကောလာဟလတွေဟာ မှားယွင်းကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရိန်း ဂျိမ်း ပီယာရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
Ref:AFP