ဂျီနီဗာ၊ သြဂုတ် ၁၄

မြန်မာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ကြောက်စရာ ကောင်းလောက်အောင် ပိုများလာနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက သတိပေးလိုက်ပါတယ်။

စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ၊ ကလေးသူငယ်တွေ အပေါ် စော်ကားမှုတွေဟာ စစ်ကောင်စီ လက်ထက်မှာ ပိုများလာတယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရဲ့ သြဂုတ် ၁၃ ရက် ထုတ်ပြန်တဲ့ နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ပြီးခဲ့တဲ့ ခြောက်လအတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော် ရှိတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း ရက်စက်မှုနဲ့ လူမဆန်မှုတွေဟာ ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်ပွားနေကြောင်းကို ဖော်ပြနေတဲ့ ပြည့်စုံ လုံလောက်တဲ့ အထောက်အထားတွေ မိမိတို့ ရရှိထားတယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM အကြီးအကဲ နီကိုလာ့စ် ခွမ်ဂျီယန်က ပြောကြားလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ရက် အထိ အခြေအနေကို ဖော်ပြထားတဲ့ အစီရင်ခံစာမှာ IIMM က မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ သိသိသာသာ အရှိန်မြင့်တက်လာပြီး နိုင်ငံတဝန်းလုံးမှာ ရက်ရက်စက်စက် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အကြိမ်ရေ ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေး ပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေနဲ့ ဆေးရုံတွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တာတွေ၊ ခေါင်းဖြတ်သတ်တာကနေ လိင်အင်္ဂါတွေကို ဖြတ်တောက်တာ၊ ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက် သတ်ဖြတ်တာတွေအထိ အဲဒီကုလ စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဆန့်ကျင်သူတွေကို မတရား ဖမ်းဆီးအကျဉ်းချထားတာတွေကိုလည်း ကုလသမဂ္ဂက စုံစမ်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

လူထောင်ပေါင်းများစွာကို ဖမ်းဆီးထားချိန်အတွင်း နှိပ်စက်ခံရသူ သတ်ဖြတ်ခံရသူ တော်တော်များများ ရှိကြောင်း IIMM က ပြောကြားပြီး ဖမ်းဆီးထားချိန်မှာ နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်တွေပါ ရရှိထားတယ်လို့ ပြောပါတယ်။

ဒီလို ဥပဒေချိုးဖောက်မှုတွေအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တရားစွဲဖို့ IIMM က အမှု တည်ဆောက်နေတယ်လို့ အကြီးအကဲ နီကိုလာ့စ် ခွမ်ဂျီယန်က ပြောပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.