နမ့်ဆန်၊ ဩဂုတ် ၁၃
တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ နမ့်ဆန်မြို့ကို ည ၁၁ နာရီခွဲမှာ တစ်ကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ်၊ ၁၁ နာရီ ၅၁ မိနစ်မှာ တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဗုံးသီး ၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အဲဒီရုံးရှိ အသက် ၃၀ နှစ်အရွယ် ရုံးဝန်းထမ်းတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကဆိုပါတယ်။
ဒါ့အပြင် EPC ရုံးအတွင်းရှိ ထရန်စဖော်မာစက်တွေ ထိခိုက်ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ မြို့မဂိုဏ်း ချုပ်ကျောင်းနဲ့ ဒေသခံနေအိမ်အဆောက်အဦးငါးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တစ်ကျော့ပြန် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင် ရေး ဒုတိယပိုင်း တစ်လကျော် ကာလအတွင်းမှာ ရှမ်မြောက်နဲ့ မန္တလေးတိုင်က တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA