မော်လမြိုင် ၊ ဩဂုတ် ၁၁
မွန်ပြည်နယ်မှာ စစ်ရေးပဋိပက္ခပြင်းထန်မှုနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေဟာ ဆက်လက်ဆိုးရွားနေတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်အတွင်း အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ကနေ သိရပါတယ်။
ဇူလိုင်တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အ ချက်အလက်တွေကို လဂွမ်းအိမ်က ကိန်းဂဏန်း အချက်အလက်တွေနဲ့တကွ ဩဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အချက်အလက်တွေအရ မွန်ပြည်နယ်အနှံ့အပြားမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၂၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၃ ဦးနဲ့ သတ်ဖြတ်ခံရသူ ၂၁ ဦးအထိ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ကြရတာပါ။
အများစုဟာမတရားဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ စစ်ကောင်စီရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ မြေမြှုပ်မိုင်းထိမှန်တာတွေပါဝင်ပြီး ထိခိုက်သေဆုံးသူတွေထဲမှာ ကလေး သူငယ် ၄ ဦး ပါဝင်ပါတယ်။
တစ်ဘက်မှာ စစ်ကောင်စီက ပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းပိုင်ဆိုင်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ခိုးယူ၊ လုယက်၊ ဖျက်ဆီးပြီး စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်း တင်း ကျူးလွန်နေတာလို့ လဂွန်းအိမ်က ဆိုပါတယ်။
ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အိုးအိမ်ဖျက်ဆီးခံရမှု ၁၃ လုံးကျော် ရှိခဲ့တာပါ။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်မှာ အရင်နှစ်ကထက် လက်နက်ကိုင်တိုက်ပွဲတွေ အားကောင်းလာပြီး ဇူလိုင်တစ်လတာအတွင်း တိုက်ပွဲကြိမ်ရေ ၂၆ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုနဲ့စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေအပြင် တစ်ဘက်က ကြားဖြတ်တိုက်ခိုက်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတို့ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ကျိုက်ထိုမြို့နယ်က အများဆုံးဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်က ဒုတိယအအများဆုံးနဲ့ သထုံမြို့ နယ်က တတိယအများဆုံး ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကနေတဆင့် လဂွန်းအိမ်စာစဉ်က ပြုစုထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG