ဒါကာ၊ သြဂုတ် ၁၀
ရာထူးက နုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို ကြေညာချိန်ပြီးချိန်မှာ ဘင်္ဂလားဒေ့ချ်သို့ ပြန်လာမှာ ဖြစ်ကြောင်း သားဖြစ်သူ ဆာဂျစ် ဝါဇက် ဂျွိုင်းက ပြောကြားလိုက်ပါတယ်။
ဆိုးဆိုးရွားရွား မငြိမ်မသက်မှုတွေ ဖြစ်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ချ်က ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာဟာ လောလောဆယ် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေပါတယ်။
ပြီးခဲ့တဲ့ ဟာဆီနာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ချ် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ချ် လွတ်လပ်ရေး စစ်ပွဲနောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လူထောင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
မိခင်ဖြစ်သူ ဘင်္ဂလားဒေ့ချ်ကို ပြန်လာမှာ သေချာတဲ့အကြောင်း ဟာဆီနာရဲ့ သား မစ္စတာ ဝါဇက်က ဘီဘီစီကို ပြောကြားထားပါတယ်။
သူ့မိခင် အနေနဲ့ ယာယီအစိုးရက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြီးချိန်မှာ ပြန်လာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်တပ် ထောက်ခံတဲ့ ယာယီအစိုးရအဖွဲ့ကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနာ့စ်က အကြံပေး ၁၆ ဦးနဲ့အတူ ဦးဆောင်နေပါတယ်။
ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်နှစ်ဦးလည်း အကြံပေး အဖွဲ့ထဲမှာ ပါဝင်နေပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ဖြုတ်ချရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် နာဟစ် အစ္စလာမ်က ဟာဆီနာသာ ပြန်လာခဲ့ရင် သူ့ရဲ့ ရာထူးသက်တမ်း အတွင်း လူသတ်ဖို့ စီစဉ်ခဲ့မှုနဲ့ ပတ်သက်လို့ အမှုရင်ဆိုင်စေရမယ်လို့ ပြောဆိုထားပါတယ်။
ဟာဆီနာရဲ့ သား ဝါဇက်ဟာ အိုင်တီပညာရှင် တစ်ဦး ဖြစ်ပြီး အခုအချိန် အမေရိကန်နိုင်ငံမှာ နေထိုင်နေပါတယ်။
သူဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ဟာဆီနာရဲ့ ဝန်ကြီးချုပ် သက်တမ်း အတွင်း ဘင်္ဂလားဒေ့ချ် အစိုးရအတွက် အိုင်တီအကြံပေး ပုဂ္ဂိုလ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပါတယ်။
ရွေးကောက်ပွဲ ကျင်းပချိန်မှာ ဟာနီယာရဲ့ Awami League (အဝါမီ လိဂ်) ပါတီ အောင်ပွဲရလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဝါဇက်က ပြောပါတယ်။
သူ့အနေနဲ့ ဘင်္ဂလားဒေ့ချ်သို့ ပြန်လာပြီး သူ့မိခင်ရဲ့ ပါတီကို ဦးဆောင်ဖို့ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ဝါဇက်က သူ့မှာ နိုင်ငံရေး ရည်မှန်းချက် မရှိဘူးလို့ ဖြေကြားသွားပါတယ်။
Ref:BBC