တနင်္သာရီ၊ ဩဂုတ် ၁၀

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ်ကြောင်းထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက် ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၆ နာရီအချိန်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက် က တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ့် နေရာတွေနဲ့ ကျေးရွာထဲ လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးဟာ ကျောက်မီကျောင်း၊ သကျက်ချောင်းနဲ့ သကျက်ကွင်းသစ်ကျေးရွာတို့ကို ဗုံး ၈ လုံး ကြဲချခဲ့သလို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ကျောက်မိကျောင်းကျေးရွာထဲက ဓမ္မရုံတစ်လုံး ပျက်စီးခဲ့ပါတယ်။

ညောင်ပင်ကွင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အနည်းဆုံး နှစ်ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်တယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီညောင်ပင်ကွင်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့တုန်းကလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တစ်နေ့လုံးနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ သြဂုတ် ၇ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ တနင်္သာရီမြို့နယ် မမသောင်၊ ဆင်ခေါင်း၊ သကျက်၊ ဂဏန်းကွင်း၊ ကွင်းသစ်ကျေးရွာတို့ကို ဗုံးအလုံး ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာ- ညောင်ပင်ကွင်းတံတားဂိတ်(ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.