ညောင်လေးပင်၊ သြဂုတ် ၁၁

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီစစ် ကြောင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတို့ သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုရဲ့ တောကျီးကန်းစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ရေဖြူကန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကတည်းက စတင်တပ်စွဲထားပြီး ပြည်သူတွေရဲ့ စက်သုံးဆီတွေကို မတရားသိမ်းဆည်းယူဆောင်တာ၊ ဓားစာခံအဖြစ် ဖမ်း ဆီးတာ၊ ပြည်သူသွားလာတဲ့ လမ်းတွေကို ပိတ်ဆို့ပြီး ကျေးရွာအတွင်း လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၉ ရက်နေ့က KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းနဲ့ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး ခမရ ၃၄၉ တပ်ရင်း ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတို့ သေဆုံးခဲ့ပြီး အခြားအဆင့်ရဲဘော် ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက ဆိုပါတယ်။

အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောကျီးကန်းစစ် ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေဖြူကန်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့လတွေအတွင်းက အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးသွားခဲ့တယ်လို့လည်း NUG ရဲ့ တောင်ပိုင်းစစ်ဒေသ အမှတ်-၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ ဩဂုတ် ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်ဗုံးကြဲတိုက် ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-တောကျီးကန်းစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.