ဂျာကာတာ၊ ဩဂုတ် ၅

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးခင်ရီက Sputnik မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း နိုင်ငံတွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် မှတ်ယူပြီး တိုက်ခိုက်တဲ့နေရာမှာ ပူးပေါင်းပေးဖို့ ရုရှားကို တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ရုရှားက ဥပဒေစိုးမိုးရေးလုပ်ဆောင်ကြသူတွေလည်း ပါဝင်နိုင်တဲ့အကြောင်း ဦးခင်ရီက ပြောဆိုတဲ့အကြောင်း Sputnik ရဲ့ ဩဂုတ် ၄ ရက်နေ့တင်ဆက်မှုမှာ ဖော်ပြပါတယ်။

ဦးခင်ရီက “ရုရှားဆီကနေ ကျနော်တို့လိုချင်တဲ့ အဓိက ထောက်ခံမှုကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ကျနော်တို့နဲ့ အတူတကွ အလုပ်လုပ်ပေးဖို့ပါပဲ။ အဲဒီလိုလုပ်ဖို့အတွက် ကျနော်တို့ဟာ (မြန်မာနိုင်ငံမှာ) ဖြစ်ပျက်နေတာတွေဟာ ပြည်တွင်းနိုင်ငံရေးတိုက်ပွဲတွေမဟုတ်ဘဲ အကြမ်းဖက်မှုအနေနဲ့ အရင်ဆုံးနားလည်သဘောပေါက်ရမှာဖြစ်ပါတယ်။ တကယ်လို့ ရုရှားဘက်က ဒါကို အကြမ်းဖက်မှုအနေနဲ့ မှတ်ယူလက်ခံမယ်ဆိုရင်တော့ ရုရှားရဲ့ဌာနတွေနဲ့ အေဂျင်စီတွေက ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရရှိဖို့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ဦးခင်ရီရဲ့အဆိုအရ လက်ရှိ မြန်မာ့နိုင်ငံရဲ့အစိုးရဟာ နိုင်ငံတော်အဆင့် လုံခြုံရေးဆိုင်ရာအစီအမံတွေအားလုံးကို ရရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ဖြစ်ပေါ်နေတဲ့ ကမ္ဘာတဝန်းက အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဿနာတွေဟာ ဒေသတွင်း ပြဿနာတွေအဖြစ် ပြောင်းလဲလာပြီး တစ်ခါတရံ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တယ်လို့ သူယုံကြည်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဦးခင်ရီက “ဒါကြောင့် ရုရှားက ကျနော်တို့ကို ထောက်ခံပေးဖို့နဲ့ အခြေအနေကို နားလည်ဖို့ အမှန်တရား၊ ကျနော်တို့နိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတဲ့ အမှန်တရားကို လေ့လာစေချင်ပါတယ်။ ကျနော်တို့ ပါတီဟာ လုံခြုံရေးခိုင်မြဲဖို့ နိုင်ငံရေးပြဿနာတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းနေရတာကြောင့် ကျနော်တို့ရဲ့ မိတ်ဖက် ယူနိုက်တက်ရုရှားပါတီနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး နယ်ပယ်မှာ နီးနီးကပ်ကပ် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။” လို့ ထပ်လောင်း ပြောဆိုပါတယ်။

စစ်တပ်က အစိုးရကိုယ်စားလှယ်တွေဟာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို လှည့်ဖျားခဲ့ကြောင်း စွပ်စွဲပြီး ဖွဲ့စည်းပုံယန္တရားကို အသုံးပြုကာ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်ကို အာဏာလွှဲပေးပြီး နိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးနဲ့ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်လာတဲ့အတွက် အရေးပေါ်အခြေအနေကြေညာခဲ့ပြီးတဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာဗဟိုအစိုးရနဲ့ တိုင်းရင်းသားလူနည်းစုလက်နက်ကိုင်တချို့ကြားက လက်နက်ကိုင်ပဋိပက္ခတွေဟာ အသစ်တဖန်ပြန်လည်ကြီးထွားလာခဲ့တဲ့အကြောင်း Sputnik သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာတော့ မြန်မာ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ၂၀၂၁ ခုနှစ်မှာ ပထမဆုံးကြေညာခဲ့တဲ့ ခြောက်လတစ်ကြိမ် နိုင်ငံတော် အရေးပေါ်အခြေအနေကို သက်တမ်းထပ်တိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Ref:Sputnik
ပုံ – USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.