ဒါကာ၊ သြဂုတ် ၅

ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ဖြိုခွင်းမှုကြောင့် သြဂုတ် ၄ ရက်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူ ၉၁ ဦး အထိသေဆုံးခဲ့ရပါတယ်။

အဲဒီပဋိပက္ခတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ပြီးနောက် အစိုးရက သြဂုတ် ၄ ရက် ညနေ ၆ နာရီကစပြီး နိုင်ငံတဝန်း နေဝင်မီးငြိမ်းအမိန့်လို့ ခေါ်တဲ့ ညမထွက်ရအမိန့် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့လမှာ စတင်ခဲ့တဲ့ လက်ရှိ ဆန္ဒပြပွဲတွေအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နေဝင်မီးငြိမ်း အမိန့်ထုတ်တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သြဂုတ် ၅ ရက်ကစပြီး အများပြည်သူ အားလပ်ရက်အဖြစ် ၃ ရက် သတ်မှတ်ကြောင်းလည်း ဘင်္ဂလားဒေ့ချ်အစိုးရက ကြေညာထားပါတယ်။

အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ချ် အမျိုးသားရေးပါတီက သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲမှာ လေးကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှုအတွင်း အခု ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်ပြီး အင်တာနက် ဝန်ဆောင်မှုတွေလည်း တားမြစ်ခံထားရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဝန်ကြီးချုပ် ဟာဆီနာကို ဝေဖန်သူတွေက အစိုးရဟာ ဆန္ဒပြသူတွေအပေါ် လွန်ကဲတဲ့ အင်အားသုံးပြီး နှိမ်နှင်းနေတယ်လို့ ပြောဆိုထားပြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက အဲဒီစွပ်စွဲချက်ကို ပယ်ချထားပါတယ်။

အကြမ်းဖက်မှုတွေ နိုင်ငံတဝန်း ပျံ့နှံ့လာချိန် အစိုးရနုတ်ထွက်ပေးရေး ဖိအားပေး ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက ဦးဆောင်နေပြီး သြဂုတ် ၄ ရက်က အဝေးပြေးလမ်းမတွေကို ပိတ်ဆို့ထားခဲ့ကြပါတယ်။

အခုအချိန် လမ်းမတွေပေါ်မှာ ဆန္ဒပြနေသူတွေဟာ ကျောင်းသားတွေ မဟုတ်တော့ဘဲ အကြမ်းဖက်သမားတွေသာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် ဟာဆီနာက အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ အစည်းအဝေး အပြီးမှာ ပြောကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးသို့ စစ်တပ်၊ ရေတပ်၊ လေတပ်နဲ့ ရဲတပ်ဖွဲ့အပြင် အခြားဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ပါတယ်။
နိုင်ငံ အနောက်မြောက်ပိုင်း ဆီရာဂျန်ဒေသမှာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ရိုက်နှက် သတ်ဖြတ်ခံခဲ့ရကြောင်း ရဲအရာရှိ ဘီဂျိ ဘိုဆက်က ပြောဆိုထားပါတယ်။

မြို့တော် ဒါကာမှာတော့ အာဏာရပါတီ ခေါင်းဆောင် တစ်ဦး ကျောင်းသားနှစ်ဦး အပါအဝင် လူ၈ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာ ရှိကြောင်း ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အစိုးရ အလုပ်အကိုင်တွေကို အချိုးကျခွဲဝေရေး အစီအစဉ်ကြောင့် စတင် ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ကနဦးမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် အစိုးရထောက်ခံသူ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ပြီး နောက်မှာ အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.