မကွေး၊ ဩဂုတ် ၅

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့က လူနေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့မှာ ကျောက်ထုအမြောက်တပ်ကနေ ထွက်လာတဲ့ အင်အား ၁၂၀ ပါ စစ်ကောင်စီစစ်ကြောင်းက ကျောက်ထုမြို့ ၊ အနိမ့်ရွာကို မီးရှို့ဖျက်ဆီးသွားတာလည်း ဖြစ်ပါတယ်။

“လူနေအိမ်တွေကိုမီးရှို့ပြီးတော့ သူတို့က ကွင်းထဲ(ကျောက်ထုအမြောက်တပ်) ကိုပြန်သွားတာ။ တစ်နာရီလောက်ကျတော့ ရွာသားတွေက အချိန်မီ မီး​ငြိမ်းနိုင်လိုက်ပါတယ်” လို့ ယောအလင်းတန်းက ကိုအောင်ကြီးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကျောက်ထုအမြောက်တပ်ကနေ မင်းကြည့်၊ လက်ပန်း၊ ပဆုပ် စတဲ့ကျေးရွာတွေကို ရောက်ရှိပြီးနောက် အနိမ့်ကျေးရွာကို မနက် ၁၀ နာရီခွဲဝန်းကျင်မှာ စတင်မီးရှို့ခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲမရှိပါဘဲ အနိမ့်ရွာကို အကြောင်းမဲ့မီးရှို့ခဲ့တာဖြစ်ပြီးတော့ အချိန်မီ မငြိမ်းနိုင်ရင် တစ်ရွာလုံးနီးပါးလောင်ကျွမ်းနိုင်တယ် လို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်အိမ်ခြေ ၁၃၀ ရှိတဲ့ အနိမ့်ရွာက လူနေအိမ် ၁၈ လုံး မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာလည်း ကျောက်ထုအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကြန်တောကျေးရွာသား တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.