မော်လမြိုင်၊ ဩဂုတ် ၃

ပဲခူးတိုင်း ရေကြီးမှုကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်တွေကို ဩ ဂုတ် ၃ ရက်နေ့ ကစပြီး ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီး ရထားတာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့အပါအဝင် ပဲခူးဘူတာဝင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး ရထားလမ်းပေါ် ရေကျော်ခဲ့တဲ့အတွက် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်တွေကို ဇူလိုင် ၂၉ ရက်နေ့ကတည်းက ပြေးဆွဲမှု ရပ်နားထားတာပါ။

လက်ရှိမှာ ပဲခူးမြို့ ရေပြန်လည်ကျဆင်းသွားပြီးဖြစ်တဲ့အတွက် ရန်ကုန် – မော်လမြိုင်၊ မော်လမြိုင် – ရန်ကုန်ရထားခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။

ရထားခရီးစဉ်အဖြစ် သြဂုတ် ၃ ရက်နေ့ မနက် ၈ နာရီမှာ အမှတ် ၈၂ အစုန် လေအိတ်ရထားက မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်ဘူတာကြီး၊ အမှတ် ၈၁ အဆန်ရထားက ရန်ကုန်ဘူတာကြီးမှ မော်လမြိုင်ဘူတာကြီးသို့ ပြန်လည်ပြေးဆွဲမှာ ဖြစ်ပါတယ်။

ပဲခူးတိုင်း ရေကြီးမှုကြောင့် လူဦးရေ သောင်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသလို ကလေးငယ်တွေအပါအဝင် လူလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်တွေဟာ အာဏာသိမ်းကာလအတွင်း ရထားလမ်းသံလမ်းတွေ မိုင်းခွဲတိုက်ခိုက်ရတာ၊ ရေကြီးရေလျှံမှုတွေကြောင့် မကြာခဏဆိုသလို ယာယီရပ်နားရတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.