မိုးမိတ်၊ ဩဂုတ် ၂
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ဟောင်ဝှစ်ဇာ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ အလက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကစပြီး စတင်တိုက်ခိုက်ခဲ့ရာ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို ဇူလိုင် ၃၁ ရက်နေ့ နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ အလက် ၄၀၀ ကျော်၊ ခဲယမ်းအမြာက်အများနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မိုးမိတ်မြို့ရှိ တပ်စခန်းတွေကို TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေချိန် စစ်ကောင်စီရဲ့ အရပ်ဖက်ကို ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၅ လုံး မီလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း တအာင်းတပ်မတော် TNLA က နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အခုတတိယမြောက်အဖြစ် သိမ်းပိုက်ခဲ့တဲ့ မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA