ဒါကာ၊ သြဂုတ် ၂

နိုင်ငံတဝန်း လူသေဆုံးမှုရှိခဲ့ပြီး မငြိမ်သက်မှုတွေ ဖြစ်ပွားစေခဲ့တဲ့ အစိုးရအလုပ် အချိုးကျခွဲဝေရေး အစီအစဉ်ကို ဆန့်ကျင် ဆန္ဒပြသူ ကျောင်သားခေါင်းဆောင် ခြောက်ဦးကို သြဂုတ် ၁ ရက်မှာ ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

အစိုးရက တင်းမာမှု လျှော့ချဖို့နဲ့ နောက်ထပ် ဆန္ဒပြပွဲတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဖို့ ကြိုးပမ်းနေချိန်မှာ ကျောင်းသားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ခွဲခြား ဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်သားများအဖွဲ့က ပြီးခဲ့တဲ့လမှာနိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းခြင်းကိုခံခဲ့ရပါတယ်။

ဒီလို မငြိမ်သက်မှုတွေအတွင်း လူ ၂၀၆ ဦး ထက်မနည်း သေဆုံးကြောင်း အေအက်ဖ်ပီ သတင်းဌာနက ရဲတပ်ဖွဲ့နဲ့ ဆေးရုံ စာရင်းဇယားတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုအတွင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က အဲဒီ ဆန္ဒပြ ကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင်တွေ အပါအဝင် လူထောင်နဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် နာဟစ် အစ္စလာမ်နဲ့ အခြား နှစ်ဦးကိုတော့မြို့တော် ဒါကာရှိ ဆေးရုံကနေ အရပ်ဝတ်စုံထောက်တွေက ဇူလိုင် ၂၆ ရက်မှာ အတင်းအဓမ္မ ဆင်းခိုင်းပြီး ဘယ်နေရာကို ခေါ်သွားသလဲ မသိရဘူး လို့ ဆိုပါတယ်။

သြဂုတ် ၁ ရက် နေ့လယ်မှာ နာဟစ် အိမ်ရောက်လာကြောင်း သူ့ဖခင်က အတည်ပြုထားပေမယ့် အသေးစိတ်ကို မပြောပါဘူး။

အခြား ထိန်းသိမ်းထားသူ သုံးဦးကိုတော့ သူတို့ရဲ့ ဘေးကင်းရေး အတွက် ထိန်းသိမ်းထားတာ ဖြစ်ကြောင်း အစိုးရက ပြောပါတယ်။

ကျောင်းသားခေါင်းဆောင် ခြောက်ဦး စလုံးဟာ သူတို့ သဘောဆန္ဒနဲ့ ရဲတပ်ဖွဲ့ဆီ လာရောက် အဖမ်းခံခဲ့ကြတာ ဖြစ်တယ်လို့ တရားရေး ဝန်ကြီး အနီဆူလ် ဟုသ်က သြဂုတ် ၁ ရက်မှာ ပြောပါတယ်။

လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ မိုဘိုင်း အင်တာနက် ကွန်ရက်ကို ၁၁ ရက် ပိတ်ပြီး စစ်သားတွေ ချထားသလို နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ပြီးနောက် ဝန်ကြီးချုပ် ဟာဆီနာ အစိုးရဟာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

မငြိမ်သက်မှု ဖြစ်ပွားချိန်က လူပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ချ်မှာ လူငယ် ၁၈ သန်းလောက် အလုပ်လက်မဲ့ ဖြစ်နေချိန်မှာ အစိုးရအလုပ်အကိုင် ထက်ဝက်ကျော်ကို အချို့သော လူအုပ်စုတွေ အတွက် သီးသန့်ဖယ်ထားရေး အစိုးရက ဆောင်ရွက်မှုကို ကျောင်းသားတွေ ဦးဆောင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.