မော်လမြိုင် ၊ ဩဂုတ် ၃

စစ်အာဏာသိမ်းမှုကြောင့် ကဏ္ဍပေါင်းစုံ ဆုတ်ကပ်ဆိုက်လာနေတဲ့ တိုင်းပြည်အကြပ်အတည်းတွေကြား ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဆိုးသထက် ဆိုးရွားလာနိုင်တယ်လို့ လူထုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေမှာ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ ဆက်တိုက်ယိုယွင်းကျဆင်းလာလို ပြည်တွင်းစစ်မီးကလည်း ပိုမိုတောက်လောင်လာနေတာပါ။

ဒါကို အခွင့်အကောင်းယူပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံတည်ငြိမ်ရေး ကိစ္စရပ်တွေ လုပ် ဆောင်ဖို့ အချိန်လိုအပ်တယ်ဆိုပြီး စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက် တမ်းတိုးကာ နိုင်ငံ့အာဏာကို ဆက်ယူခဲ့ပါတယ်။

ပြည်သူတစ်ဦးက စစ်ကောင်စီ သက်တမ်းတိုးလိုက်တာဟာ စစ်ရေးဘက်ကို အားသာတဲ့ ပုံစံဖြစ်နေပြီး တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်းတွေလည်း မထိန်းနိုင်တာကြောင့် ပြည်သူတွေ ပိုဒုက္ခရောက်ဦးမယ်လို့ ပြောပါတယ်။

“လက်ရှိ ဒီလိုမျိုး သက်တမ်းထပ်တိုးလိုက်တဲ့ အခြေအနေက စစ်‌ရေးဘက်ကို ပိုပြီးအားသာတဲ့ ပုံစံဖြစ်နေတယ်။ သူကလည်း (စကစ) အာဏာကို လက်လွှတ်မှာမဟုတ်ဘူး။ လက်ရှိ တိုင်းပြည်ရဲ့ ကုန် ဈေးနှုန်းတွေလည်း သူကမထိန်းနိုင်ဘူး။ အဲဒီအခါကျ ရွှေဈေး၊ ဒေါ်လာဈေးဆိုလည်း မထိန်းနိုင်ဘူး။ ရွှေဈေးတုန်းကလည်း ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းခဲ့တယ်။ နောက်ဒေါ်လာဈေးတုန်းကလည်း ဒေါ် လာရောင်းဝယ်သူတွေကို သူတို့ (ဖမ်းဆီး) လုပ်တယ်။ ဘဏ်တွေကို လုပ်တယ်။ တစ်ခုမှ သူမထိန်းနိုင်တော့ တိုင်းပြည်က ဆိုးသထက်ဆိုးပြီးတော့ ပြည်သူတွေလည်း ဒီထက်ပိုဒုက္ခရောက်ဦးမှာ ခင်ဗျ”လို့ ဆိုပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီသက်တမ်းတိုးယူခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က စစ်တပ်အနေနဲ့ ရှမ်းမြောက်နဲ့ မန္တ‌လေးက မြို့နယ်တချို့ ဒေသတည်ငြိမ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောထားတာပါ။

ဒါဟာ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးတာတွေ ပြန်လည်ရယူဖို့ နိုင်ငံတဝန်းရှိ တိုက်ပွဲပြင်းထန်တဲ့ ဒေ သတွေမှာ တန်ပြန်တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ့်သဘောလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထောက်ပြကြပါတယ်။

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအလွဲတွေဟာ ပုဂ္ဂလိကဘဏ်တွေကို ထိန်းချုပ်တာ၊ နိုင်ငံခြားငွေကြေး ကန့် သတ်တာ၊ ကုန်စည်စီးဆင်းမှုနှောင့်နှေးစေတာ၊ အလုပ်အကိုင်နဲ့ လုပ်သားရှားပါးစေတာ၊ ကျပ်ငွေ တန်ဖိုးကျဆင်းစေတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

ဒီအတွက်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းလာပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ နိုင်ငံအနှံ့ တိုက်ပွဲတွေကလည်း ဆက်လက်ပြင်းထန်နေတဲ့အတွက် ပြည်သူတွေ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေကြရပါတယ်။

နောက်ထပ်ပြည်သူတစ်ဦးကတော့ လက်ရှိမှာ တိုင်းပြည်ကလည်း မတည်ငြိမ်မှုတွေ ပိုဖြစ်လာတဲ့အတွက် ပြည်သူတွေအကုန်လုံး ပိုဆိုးလာဖို့ပဲရှိတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“အခုက ပိုပြီးကျပ်တည်းလာတယ်။ ခိုးဆိုးလုနှိုက်ပိုများလာတယ်။ လုပ်ငန်းရှင်တွေက ကျပ်တည်းလာတော့ အောက်ခြေလူထုတွေက ပိုပြီးကျပ်တည်းလာတာပေါ့။ အဲဒီတော့ တိုင်းပြည်ကမတည်မငြိမ်မှု ပိုပြီးဖြစ်လာမယ်။ ကျွန်တော်တို့ ဒေသမှာဆို ပိုဆိုးတာပေါ့။ ခြံသမားတွေရော၊ လုပ်သားတွေရော အကုန်လုံးကပြဿနာတွေ အကြီးအကျယ်တက်နေတာ။ နောက်ပိုဆိုးလာဖို့ပဲရှိတယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ ပဋိပ က္ခနဲ့ မလုံခြုံ မှုတွေကြောင့် နိုင်ငံတဝန်း လူဦးရေသုံးသန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းတွေ ပျံ့နှံ့နေမှု၊ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေအ ပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ဆက်ဖြစ်နေတယ်လို့ UNOCHA က ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.