မော်လမြိုင်၊ သြဂုတ် ၃

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ဇူလိုင်လ တစ်လအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၈၄ ဦး သေဆုံးပြီး အဲဒီထဲမှာသတ်ဖြတ်ခံရသူ ၁၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ပါတယ်။

အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးမှုအရ မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းက ၁၅ ဦးစီ၊ မကွေးတိုင်းက ၁၂ ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံး ဒေသတွေဖြစ်ပြီး အမျိုးသားအမျိုးသမီးသေဆုံးမှုမှာ အမျိုးသား ၆၀ ဦးနဲ့ အ မျိုးသမီး ၂၄ ဦး ပါဝင်ပါတယ်။

AAPP ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အရပ်သား ၅၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၆၈ ဦး ရှိကာ အဲဒီထဲမှာ မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၄ ဦး ရှိပါတယ်။

AAPP ကတော့ ဒီအချက်အလက်တွေဟာ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အရေအ တွက်ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေမှာ အခုထက်ပိုမိုများပြားနိုင်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.