မော်လမြိုင်၊ ဩဂုတ် ၂

အာဏာသိမ်းကာလ ၃ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီးတဲ့နောက် စစ်ရေးအရ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ သတင်းမှန်တွေနဲ့ သူတို့ရဲ့ ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ထားဖို့ ပြီးခဲ့တဲ့ မေ၊ ဇွန်၊ ဇူလိုင် ၃ လအတွင်းမှာ အွန်လိုင်းဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တဲ့အကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ မြန်မာအင်တာနက်ပရောဂျက်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ အင်တာနက်၊ ဖုန်းလိုင်းတွေကို ဖြတ်တောက်တာအပြင် မေ ၃၀ ရက်စလို့ VPN လို့ခေါ်တဲ့ “Virtual Private Network” ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ အွန်လိုင်းပေါ်က စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြောဆိုရေးသားမှုတွေကို စစ်တပ်လော်ဘီတွေကနေ တဆင့် စောင့်ကြည့်အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားတဲ့မကွေးတိုင်း ပေါက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ထားဝယ်ခရိုင်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ မကြာခဏပြတ်တောက်မှုကြောင့် ဒေသခံတွေဟာ မီးဘေးအန္တရာယ်နဲ့ အရေးပေါ်လူနာတင်ယာဉ်ကားတွေဆီ ဆက်သွယ်ရ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘီးလင်းမှာ မစောတံတားမိုင်းခွဲခံရပြီးတဲ့နောက် မော်လမြိုင်အပါအဝင် မွန်ပြည်နယ်က မြို့နယ်တချို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ထူးခြားမှုတစ်ခုအနေနဲ့ မွန်လူမျိုးအနုပညာရှင် ဗညားဘုန်းပြည့်နဲ့ ရွှေဆုတို့ကို “အချစ်ခံကြည့်” သီချင်းနဲ့ပတ်သက်လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က) နဲ့ ပုစွန်တောင်ရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့တယ်လို့လည်း မြန်မာအင်တာနက် ပရောဂျက်နဲ့ ၃ လပတ် အစီရင်ခံစာမှာ ရေးပါတယ်။

ပြီးခဲ့တဲ့ ၃ လအတွင်းမှာ မြဝတီမြို့နယ်အတွင်း ထိုင်းတာဝါတိုင်တွေကနေ ရယူသုံးစွဲနေတဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ VPN ကို အသုံးပြုခြင်း၊ ရှိ မရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းတွေကို ရှာဖွေ စစ်ဆေးခြင်းဖြစ်ရပ်တွေက မြန်မာနိုင်ငံတဝန်းက မြို့ကြီး တချို့မှာ ဖြစ်ပေါ်ခဲ့ပြီး ဖမ်းဆီးငွေညှစ်ခံရတဲ့ဖြစ်စဉ်များကိုလည်း ခပ်စိပ်စိပ်တွေ့ရှိခဲ့ရပါတယ်။

ထူးခြားမှုတစ်ခုမှာ ယခုကဲ့သို့ အွန်လိုင်းဖိနှိပ်မှုတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ e-Government စနစ်ကို အကောင်အထည်ဖော်‌ရေး ညှိနှိုင်းအစည်းအဝေး လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ စစ်ကောင်စီဟာ အွန်လိုင်းကနေ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနဲ့ လူသုံးကုန်ရောင်းချမှုတွေကို တရားမဝင်ကုန်သွယ်မှုလို့ သတ်မှတ်ပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာခဲ့ကြောင်း အဲဒီအစီရင်ခံစာမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ ‘Keep It On’ အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အင်တာနက် ဖြတ်တောက်ခံရမှုဟာ ကမ္ဘာနိုင်ငံများထဲမှာ ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.