မကွေး၊ ဇူလိုင် ၂၄

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မနေ့ ဇူလိုင် ၂၃ ရက်ညနေပိုင်းမှာ ငလှိုင်တွင်းရွာကို လေကြောင်းကနေ သုံးကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် လူ၅ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင် ခုခံတွန်းလှန်စစ် စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ငလှိုင်တွင်းရွာကို စစ်ကောင်စီက ပထမဆုံးအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်ထပ်ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ လက်ရှိအချိန်အထိ စိစစ်နေဆဲလို့ သိရပါတယ်။

“လေကြောင်းကနေ ဗုံးကြဲတယ်။ စက်လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်။ ဒါကလည်းသူတို့အနေနဲ့က ကုန်းကြောင်းကနေ စစ်ကြောင်းတွေလုံးဝ ဝင်လို့မရတဲ့အတွက် အရပ်သားတွေကို အဓိကထား တိုက်ခိုက်တာပါ” လို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူလူထုဆိုတာမျိုးသတ်မှတ်ထားတာမရှိဘဲ အားလုံးကို ရန်သူလို့သတ်မှတ်ထားတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ပြီးပြုလုပ်လာနိုင်လို့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လမ်းညွှန်ထားတဲ့အတိုင်း လေကြောင်းကာကွယ်ရေးကို ဂရုတစိုက်လိုက်နာကြဖို့ ကိုအညာသားက အကြံပြုပါတယ်။

ငလှိုင်တွင်းကျေးရွာကို ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးမှုရယူထားတာ လေးလဝန်းကျင်ကြာမြင့်ပြီဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေ ရုတ်တရက် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကစလို့ စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေမကြာခဏလှုပ်ရှားနေတယ်လို့ သိရပါတယ်။ မကြာသေးမီ ကာလအတွင်းမှာလည်း မြောင်းဦးရွာ မီးရှို့ခံခဲ့ရပြီး စစ်ဘေးရှောင်ကျေးရွာလည်း ၆ ရွာဝန်းကျင်တိုးလာကာ လူဦးရေအားဖြင့် ၁၅၀၀ ကျော်ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလကနေ အခုဇူလိုင်လ ပထမပတ်အထိ စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုတွေကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လို့ အရာရှိတစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.