လောင်းလုံး၊ ဇူလိုင် ၁၁

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သဗျာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ လောင်းလုံးမြို့ကနေ စစ်ကြောင်းထွက်လာတဲ့ အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား သဗျာကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဟာ သဗျာကျေးရွာထဲ ဝင်ရောက်လာပြီး ဘုန်ကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ်က အရပ်သားပြည်သူတွေကို ရိုက်နှက်စစ်ဆေးနေချိန် ဗုံးခိုကျင်းမှ ထွက်လာတဲ့ အမျိုးသမီးငယ်တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မသက်ထားခိုင် ခေါ် ဝိုင်းလေးဆိုသူမှာ လက်မောင်းဆုံကျည်ထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်ဘက်နဲ့ စစ်ဘက်ကို သေသေချာချာ ခွဲခြားကြဖို့နဲ့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေမှာ တိုက်ပွဲမဖော်ကြဖို့ တိုက်တွန်းတာပါ။

ဒါပေမယ့် အခုဖြစ်စဉ်ဟာ စစ်ကောင်စီတပ်က မဆင်မခြင် ပစ်ခတ်ပြီး အရပ်သားပြည်သူအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမြောက်ပြီး စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေအာလုံး တာဝန်ခံရမယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သဗျာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မနေ့က ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အမျိုးသမီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – DDMSC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.