မော်လမြိုင် ၊ ဇူလိုင် ၁၂

မွန်ပြည်နယ်က ထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးနဲ့ ထုတ်ကုန်အ ရည်အသွေး မြင့်မားလာစေရေးအတွက် စက်မှုဇုန်တွေနဲ့ စက်ရုံစုတွေ ဖော်ဆောင်သွားမယ်လို့ စစ်ကောင်စီက ကြွေးကြော်လာပါတယ်။

စက်မှုဇုန်တွေ ဖော်ဆောင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ပြီး မွန်ပြည်နယ် စက်မှုဇုန်များ ဖော်ဆောင်ရေးနဲ့ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ဦးအောင်ကြည်သိန်းက ဒေသထွက်ကုန်တွေကို ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးနဲ့ ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်းက ဈေးကွက်ပိုမိုရရှိလာစေပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းက ဒေသထွက်ကုန်ကြမ်းတွေကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေကို စီးပွားဖြစ်ထုတ်လုပ်ခြင်းအားဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီးပင် မှန်အောင်မပေးနိုင်တဲ့အချိန်မှာ စက်မှုဇုန်တွေ ဖော်ဆောင်မယ်လို့ ပြောဆိုမှုဟာ လူကြားကောင်းယုံသာပြောတဲ့ အဆင့်သာရှိပြီး ဖြစ်လာနိုင်ဖို့ မရှိဘူးလို့ ဝေဖန်ပါတယ်။

“အခုအချိန်ကတော့ မလွယ်ပါဘူး။ ဇုန်ဖော်တယ်ဆိုတာ မြေကွက်ဖော်ဆောင်ရေး အဆင့်လောက်ပဲ လုပ်လို့ရလိမ့်မယ်။ တကယ်စက်မှုလုပ်ငန်း လည်ပတ်ဖို့ဆိုတာ သူရဲ့ အခြေခံအဆောက်အဦးတွေ အများကြီးလိုတယ်။ လောလောဆယ် အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ လျှပ်စစ်မီးလည်း ဒီအ ချိန်မှာတကယ့် အခြေခံကျတဲ့ လျှပ်စစ်မီးတောင် မမှန်ဘူးဆိုတော့ကာ ဒါတွေက လူကြားကောင်းယုံသက်သက် ပြောတာလောက်အဆင့်ပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စက်မှုဇုန်တွေဖော်ဆောင်ဖို့ ပြောဆိုနေပေမယ့် ပြည်နယ်အတွင်းက ရှိပြီးသား စက်မှုဇုန်တွေတောင် ပုံမှန်မလည်ပတ်နိုင်တော့ဘဲ ဂိုဒေါင်ငှားစားတဲ့ အဆင့်လောက်သာ ရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

ပြည်နယ်အတွင်းမှာ အရင်အစိုးရလက်ထက်တွေက မော်လမြိုင်စက်မှုဇုန်နဲ့ ကျောက်တန်းစက်မှုဇုန်တွေ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့သလို နောက်ပိုင်းမှာ စက်မှုဇုန်တွေဟာ ပိတ်ထားရတဲ့ အခြေအနေတွေအထိ ရှိလာခဲ့တာပါ။

ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီဘက် စက်မှုဇုန်တွေ ဖော်ဆောင်ဖို့ ပြောဆိုနေပေမယ့် အရင်ဖော်ဆောင်ထားတဲ့ စက်မှုဇုန်တွေတောင် ရုပ်လုံးမပေါ်သေးသလို တန်ဖိုးမြင့် ထုတ် ကုန်တွေ ထုတ်လုပ်ဖို့ ဆိုတာကလည်း လက်ရှိအနေအထားအရ ရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ဒီမုဒုံအနားမှာ စက်မှုဇုန် ၃၆၄ ဧက သူတို့ ဖော်ဆောင်ထားတာ ဟိုအရင် NLD အစိုးရလက်ထက်ကတည်းက ဘယ်နဧကဘယ်လောက် စက်ရုံကြီးတွေ ဘယ်လောက်ဘာညာ သတ်မှတ်ပြီးတော့ လုပ်နေတယ်။ အခုထက်ထိလည်း ရုပ်လုံးမပေါ်သေးဘူးပေါ့။ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး ရော်ဘာဆိုရင်တော့ အဆင့်မြှင့်ထုတ်ကုန်ဆိုရင် မလွယ်လောက်ဘူး။ ဒီအဆင့်မြင့်တာယာဆိုတာ လက်ရှိအနေအထားအရဆိုရင်တော့ ရင်းနှီးမြှုပ်နှံဖို့တော့ မလွယ်သေးဘူး။ ငွေအမြောက်အများ ရင်းနှီးပြီးမှ ရှေ့တစ်မျိုးနောက်တစ်မျိုး ဖြစ်လာရင်တော့ ဒါတွေဟာ စီးပွားရေးအနေအထားအရ အောင်မြင်မှုတော့ မဖြစ်နိုင်ဘူးပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်မှုဇုန်တွေဖော်ဆောင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက်ဆိုရင် ရင်း နှီးမြှုပ်နှံမှုတွေကသာ အဓိကကျပြီး လက်ရှိနိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေအရ ပြည်ပရင်းနှီးမြှုပ်နှံ မှုတွေ ဝင်ရောက်မှုမရှိနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

စက်မှုဇုန်တွေ ဖော်ဆောင်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေပေမယ့် အာဏာသိမ်းကာလအတွင်း စက်မှုဇုန်တွေက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ လျှပ်စစ်မီးရရှိမှုနည်းတဲ့အတွက် လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာ၊ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းအဆမတန်မြင့်တက်လာတာကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ အခက်ကြုံနေရတာပါ။

နိုင်ငံတဝန်းမှာတော့ စက်မှုဇုန်ပေါင်း ၆၀ ထက်မနည်းရှိနေပြီး အဲဒီစက်မှုဇုန်တွေဟာ အာဏာသိမ်းကာလအတွင်း လုပ်ငန်းတွေလည်ပတ်နိုင်ရေးနဲ့ ဆက်လက်ရပ်တည်ရေးအတွက်ပင် မနည်းကြိုး ပမ်းရုန်းကန်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.