Myanmar men display a portrait of Myanmar military commander-in-chief Senior General Min Aung Hlaing during a rally in support of Myanmar military in capital Naypyiday on January 23, 2019. (Photo by Thet AUNG / AFP)

နေပြည်တော် ၊ ဇူလိုင် ၁၁

သမ္မတဟောင်း ဦးသိန်းစိန်ကနေတဆင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေး ဖျောင်းဖျပေးဖို့ တရုတ်ရဲ့ ပြောဆိုမှုဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ နိုင်ငံ ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့တွေ့ဆုံကာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ကြတာပါ။

အာဏာစွန့်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နားချပေးရေးနဲ့ ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ် ဖော်ဆောင်ပေးရေး ဝမ်ယိက သမ္မတဟောင်း ဦးသိန်းစိန်ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းဌာနက ဖော်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မင်းအောင်လှိုင်ဟာ နောက်ဆုံးအချိန်အထိ စစ်အာ ဏာပိုင်အနေနဲ့ ခုခံတိုက်ခိုက်သွားမယ့်သဘောရှိပြီး တရုတ်က ဦးသိန်းစိန်ကို တိုက်တွန်းလည်း သူ သဘောမတူရင် ဘာမှလုပ်လို့မရဘူးလို့ သုံးသပ်ပါတယ်။

“သူ့ကိုအာဏာသိမ်းဖို့ ကြံစည်တဲ့ သူ့တပ်တွင်းက ဗိုလ်ချုပ်ဟောင်းတွေအပါအဝင် အင်အားစု နှစ်စု/သုံးစု လောက်ကို ဖမ်းဆီးအရေးယူတာတွေ ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒီတော့ မင်းအောင်လှိုင်ဟာ အာဏာစွန့်ဖို့ သဘောထားမရှိဘူးဆိုတာ ကျွန်တော်တို့ ပြတ်ပြတ်သားသား တွေ့ရှိနေရပါတယ်။ သူကနောက်ဆုံးအချိန်အထိ စစ်အာဏာပိုင်အနေနဲ့ ခုခံတိုက်ခိုက်သွားမယ့် သဘောပါပဲ။ ဒါကြောင့်မို့ တရုတ်က ဦးသိန်းစိန်ကို တိုက်တွန်းလည်း မင်းအောင်လှိုင် သဘောမတူရင် ဦးသိန်းစိန် ဘာမှလုပ်လို့ မရပါဘူး၊ မင်းအောင်လှိုင်က အာဏာစွန့်မှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ အင်အားယိုင်နဲ့လာနေပြီး တစ်ချိန်တည်းမှာ ရခိုင်ကဆက်တိုက်ထိုး စစ်တွေအပြင် ရှမ်းမြောက်နဲ့ မန္တလေးအစပ်မှာလည်း တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကို ရင်ဆိုင်နေရတာပါ။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ ပထမဦးဆုံးအဖြစ် ရှမ်းမြောက်ရှိ နောင်ချိုမြို့ ကို တအာင်းတပ် TNLA နဲ့ မန္တ‌လေး PDF ပူးပေါင်းအဖွဲ့တို့က ဇူလိုင် ၁၀ ရက်နေ့မှာ အလုံးစုံသိမ်းပိုက်ရရှိထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုအတွင်း မြို့ ပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရသလို တပ်စခန်းရာနဲ့ချီ လက်လွှတ်ထားရတဲ့အပြင် တိုက်ခိုက်ရေးအင်အားများစွာ ပြုန်းတီးလာနေတာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီက သူတို့ နိုင်သေးတယ်လို့ စိတ်ထဲမှာ တွက်ဆနေပုံရတဲ့အတွက် အာ ဏာစွန့်ဖို့ သမ္မတဟောင်းကနေ ဖျောင်းဖျခိုင်းတာဟာ ရမယ်မထင်ဘူးလို့ တရုတ် – မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က ပြောပါတယ်။

“ ကျွန်မကြည့်တာ ပြောလို့ရဦးမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့နိုင်နိုင်သေးလို့ပဲ တွက်နေပုံရတယ်။ နောက်တစ်ခုကလည်း ဒီလူတွေက တပ်ကနေ နုတ်ထွက်သွားပြီ ပင် စင်ယူသွားပြီဆိုတဲ့ လူတွေကို အပေါ်ယံပဲ လေးစားသမှုပြုတာ။ ပြီးရင် သူတို့ဘယ်တော့မှ ဒီလူတွေရဲ့ စကားနားထောင်တာ မဟုတ်ဘူးဗျ။ ဒါကြောင့်မို့ နားထောင်မယ် မထင်ပါဘူး”လို့ ဆိုပါတယ်။

တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးစီမံကိန်းတွေ အများအပြား ရင်းနှီးမြုပ်နှံထားတဲ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသတဝိုက်မှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တရုတ်အစိုးရတို့ နီးစပ်မှုရှိနေတာပါ။

ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက်မှာ ဖြစ်ပွားခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲကို တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ၅ လကျော် အပစ်ခတ်ရပ်စဲခဲ့ကြပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ခုခံတော်လှန်မှုကတော့ အရှိန်အဟုန်မြင့်တက်လာ နေပြီး ၁၀၂၇ စစ်ဆင်ရေးကလည်း တကျော့ပြန်လာတဲ့အတွက် တရုတ်အစိုးရက သမ္မတဟောင်းကနေတဆင့် စစ်ခေါင်းဆောင်ကို ဖျောင်းဖျဖို့ ဖြစ်လာခဲ့တာပါ။

ဒေါက်တာ လှကျော်ဇော်ကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့အဖွဲ့အစည်းတွေအားလုံး စားပွဲဝိုင်းပေါ် ဆွေးနွေးဖို့ မဖြစ်ဖြစ်အောင် ဆက်ကြိုးစားမှာပဲလို့ သုံးသပ်ပါတယ်။

“တရုတ်က တောက်လျှောက်ပြောနေတာ တစ်ခုရှိတယ်။ အပစ်ခတ်ရပ်စဲရေးတွေလုပ်ရင် နိုင်ငံရေးဆွေးနွေးပွဲခေါ်ဖို့ လိုတယ်။ မြန်မာပြည်မှာ အရေးပါအရာ‌ရောက်တဲ့ အဖွဲ့အစည်းတိုင်းက လူတွေပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး လုပ်ပြီးတော့ အဲဒီပြဿနာတွေအားလုံး စားပွဲပေါ်တင် ဆွေးနွေးကြပါ။ အပြန်အလှန်ညိနှိုင်းကြပါဆိုတာ ပြောနေတာပဲ။ အဲဒီတော့ ဒီကိစ္စကို မဖြစ်ဖြစ်အောင် တရုတ်က ဆက်ကြိုးစားမှာပဲဗျ။ ဘာဖြစ်လို့လဲဆို မြန်မာ့အရေးက သူ့ (တရုတ်) အရေးနဲ့ ဆက်စပ်နေတာကိုး”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဒုစစ်ခေါင်းဆောင်တို့ ရှေ့ဆင့်နောက်ဆင့် တရုတ်ခရီးစဉ် ဖြစ်ပေါ်လာခဲ့တာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ အာဏာကို အလွယ်တကူ စွန့်မှာမဟုတ်ဘဲ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချလိမ့်မှာဖြစ်ပြီး တစ်ဘက်မှာ တော်လှန်ရေးအင်အားစုတွ စိုးမိုးနယ်မြေများစွာ သိမ်းပိုက်ထားတဲ့အတွက် အကန့်အသတ်ဖြစ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.