ပုလော၊ ဇူလိုင် ၁၁

တနင်္သာရီတိုင်း ပုလောမြို့နယ် ၅ မိုင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး တပ်ကြပ် ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အင်အား ၅၀ ဝန်းကျင်နဲ့ ၅ မိုင်ကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အမှတ် ၂၈၅ ခြေမြန် တပ်ရင်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဇူလိုင် ၁၀ ရက်နေ့ နေလည် ၁၂ နာရီအချိန်ခန့်မှာ ဝိုင်းရံ တိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အချိန် ငါးနာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးသက်ထွန်းအောင် အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး တပ်ကြပ် ၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA-7 ၆၀ မမစိန်ပြောင်း ၁ လက်၊ MA-1 ၁ လက်၊MA-2 ၂ လက်၊ MA-3 ၃ လက်နဲ့ MA-5 ပစ္စတို ၁ လက်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအ ဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ကြပ် ၂ ဦးကိုတော့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ် ဆောင်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာ ဝန်ခံက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ အင်အားထပ်ဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး ၅ မိုင်ကျေးရွာ အနီးမှာတစ်ဝိုက်မှာ ရှိနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ တပ်ရင်း (၇) တပ်ခွဲ (၅)၊ ပုလောဒေသကာကွယ်ရေးတပ် PRDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း ပုလောမြို့နယ် ထမင်းမစားကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ပြည်သူ့ကာ ကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.