နောင်ချို၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ် ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့က ဒီနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

နောက်ဆုံးကျန်ရှိတဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်း သိမ်းပိုက်ရရှိခဲ့တဲ့အတွက် နောင်ချိုမြို့တစ်ခုလုံးကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အပြည့်အဝထိန်းချုပ်လိုက်ပြီး စစ်ကောင်စီလုံးဝကင်းစင်တဲ့ မြို့နယ်တစ်ခု ဖြစ်တယ်လို့ အသိပေးထားပါတယ်။

နောင်ချိုမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခမရ ၁၁၄ ၊ ခမရ၁၁၅ နဲ့ ဒုံးတင်ရင်း ၆၀၆ တို့ကို သိမ်း ပိုက်ရရှိခဲ့ပြီး အတွဲလိုက်ပစ်ဒုံးလက်နက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နောင်ချိုမြို့သိမ်းပိုက်မှုဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းမှာ ပထမဦးဆုံး မြို့အဖြစ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး မြို့မကျရေးအတွက် စစ်ကောင်စီဘက်က ကြည်ကြောင်း၊ လေကြောင်းနဲ့ အပြင်း အထန် ခုခံနေတဲ့ကြား ကနေ မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းက စစ်ကောင်စီတပ်စခန်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA / MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.