ရန်ကုန်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရခိုင်မှာ ရခိုင့်တပ်တော် အေအေက နယ်မြေတွေ တစ်ခုပြီး တစ်ခု သိမ်းယူနေချိန်မှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေဟာ တရုတ်ကို အကြိမ်ကြိမ် သွားရောက်ပြီး ဘေဂျင်းအစိုးရဆီက လက်နက်အသစ်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။

အနယ်နယ် အရပ်ရပ်က တိုက်ပွဲတိုင်းလိုလိုမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီကို ဘေဂျင်းကနေ လက်နက် အသစ်တွေ ထောက်ပံ့ပေးနေတယ်လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူး ကိုယ်စားလှယ် တန်ရှီကျွန်းဟာ နေပြည်တော်သို့ လာရောက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇွန်လကုန်ပိုင်းမှာတော့ သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်သို့ သွားရောက်ခဲ့ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းဟာ တရုတ်သို့ သွားရောက်ခဲ့ပြီး သူဟာ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်သို့ သွားရောက်တဲ့ ရာထူးအမြင့်ဆုံး စစ်ကောင်စီအဖွဲ့ဝင် ဖြစ်လာပါတယ်။

တရုတ်က အာဏာလွှဲအပ်ပြီး ရွေးကောက်ပွဲနဲ့ အတူ ဒီမိုကရေစီ စနစ်ဆီ ပြန်လည် အသွင်ကူးပြောင်းရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နားချပေးဖို့ ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ CNA သတင်းဌာနက စစ်တပ်သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

စစ်ကောင်စီက သူတို့ အာဏာ ဆက်လက် တည်မြဲနိုင်ရေး ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို နှိမ်နှင်းဖို့ တရုတ်ရဲ့ အကူအညီကို တောင်းခံထားကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ်ကနေ ပေးပို့မယ့် လက်နက် အသစ်တွေဟာ မြန်မာနိုင်ငံသို့ သီတင်းနှစ်ပတ် ဒါမှမဟုတ် တစ်လ အတွင်း ရောက်ရှိလာမှာ ဖြစ်ကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

Ref: AsiaNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.