လားရှိုး၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ် လားရှိုးမြို့အတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ မနက်ပိုင်းက လားရှိုးမြို့ အမှတ် ၉ ရက်ကွက်ထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း နောက်ထပ် ဒေသခံ ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

လားရှိုးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု သောင်းနဲ့ချီ မြို့ကို စွန့်ခွာထွက်ပြေး နေရပြီး တချို့ပြည်သူတွေကတော့ တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေ ဆုံးတာတွေ မြင့်တက်လာပါတယ်။

လားရှိုးမြို့အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း စတင်တဲ့ တိုက်ပွဲ ၁၆ ရက်တာကာလအတွင်းလက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက အရပ်သား ပြည်သူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၈၆ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.