ဝါရှင်တန် ဒီစီ၊ ဇူလိုင် ၁၀

နေတိုးအဖွဲ့ ခေါင်းဆောင်တွေကို ဝါရှင်တန် ဒီစီကနေ ကြိုဆိုနေတဲ့အချိန်အတွင်းမှာပဲ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က အာဏာရှင်တွေဟာ ကမ္ဘာကြီးရဲ့ စီစဉ်တကျရှိမှုကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပြီး ရုရှားကို အနိုင်ယူရေး ယူကရိန်းအား ဆက်လက် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

နေတိုးအဖွဲ့ဟာ မျိုးဆက်တစ်ခု အတွင်း အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ အင်အားအကောင်းဆုံး ဖြစ်နေတဲ့အပြင် အခုအချိန်ဟာ ဥရောပနဲ့ ကမ္ဘာကြီးအတွက် အခရာကျတဲ့ အချိန်အခါ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

ယူကရိန်းဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ဆက်ရှိနေရမှာ ဖြစ်ပြီး ရုရှား အောင်နိုင်မှာ မဟုတ်ဘဲ ယူကရိန်း အောင်နိုင်ရမယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် အသစ် ကီယာ စတာမာ အပါအဝင် နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံက ခေါင်းဆောင်တွေ ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါတယ်။

ဘိုင်ဒန်က နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန် စတိုးလ်တန်ဘာ့ဂ်ကို အမေရိကန်ရဲ့ အမြင့်မားဆုံး အရပ်ဖက် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။

နေတိုးအဖွဲ့ အစည်းအဝေးဟာ မိမိတို့ မဟာမိတ်တွေ အတူတကွ ရပ်တည်မှာ ဖြစ်ပြီး ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ မဆို ရုရှားရဲ့ ရန်စမှုကို တားဆီးသွားမှာ ဖြစ်ကြောင်း သတင်းစကား ဖော်ပြလိုက်တာ ဖြစ်တယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

ရုရှားဟာ လောလောဆယ်မှာ ယူကရိန်းကို ကြီးကြီးမားမား ထိုးစစ်ဆင်ရေး ခဲယမ်းမီးကျောက်နဲ့ စစ်သားအင်အား မရှိ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်း အထိနာနေပြီး လေကြောင်းရန် ကာကွယ်ရေး စနစ်တွေနဲ့ လက်နက် ခဲယမ်းတွေ ပေးပို့ကြဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အနောက်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.