ဘေဂျင်း၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်နိုင်ရေး ပါဝင်ကူညီပေးဖို့ ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက တရုတ်ကို ဇူလိုင် ၁၀ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တရုတ်ခရီးစဉ် ဒုတိယမြောက်နေ့မှာ ဝန်ကြီးချုပ် ဟာဆီနာက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ကူညီပေးပါလို့ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန် မာမွတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်က တရုတ် ကွန်မြူနစ်ပါတီမှာ အရေးပါတဲ့ အဖွဲ့ ဖြစ်တဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကော်မတီနဲ့ တွေ့ဆုံချိန်မှာ အခုလိုမျိုး ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက် တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာပြဿနာ အပါအဝင် ဒေသဆိုင်ရာနဲ့ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ချ်နဲ့ တရုတ်ကြား ကုန်သွယ်ရေး ကွာဟမှု လျှော့ချရေး ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ချ်က လက်ခံထားရတာ ခြောက်နှစ်ခွဲ ကြာပြီဖြစ်ပေမယ့် သူတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ဘာအစီအစဉ် တစ်ခုမှ မလုပ်ရသေးဘူးလို့ ဝန်ကြီးချုပ် ဟာဆီနာက ပြောပါတယ်။

ရိုဟင်ဂျာတွေကို ပြန်လည်ပို့ဆောင်ရေး မြန်မာနဲ့ဆွေးနွေးသွားမယ်လို့ တရုတ်က ပြောကြားထားပြီး ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာကြား ကြားဝင် ညှိနှိုင်းပေးသွားတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ဆွေးနွေးပြီးပါက ရိုဟင်ဂျာတွေကို ပြန်လည်ပို့ဆောင်နိုင်ရေး မိမိတို့ အကောင်းဆုံး ကြိုးပမ်းပေးမယ်လို့ တရုတ် ကော်မတီအကြီးအကဲ ဝန်ဟန်နင်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ချ်က ရိုဟင်ဂျာတွေကို ပြန်လည်ပို့ဆောင်နိုင်ရေး ကြိုးပမ်းနေပေမယ့် ရခိုင်ပြည်နယ်ရဲ့ လောလောဆယ် အခြေအနေအရ ပြန်ပို့နိုင်ခြေ မရှိ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေကြောင့် ဘင်္ဂလားဒေ့ချ်ဘက်က ရိုဟင်ဂျာ ဆယ်ကျော်သက် တစ်ဦး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်သားအဖြစ် ခေါ်ယူ စုဆောင်းနေသလို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ကိုလည်း လက်နက်တွေ ထောက်ပံ့ထားတယ်လို့ ဘင်္ဂလားဒေ့ချ် သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref:BSS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.