ကျိုက်ထို၊ ဇူလိုင် ၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ ကျားတဲလမ်းဆုံအနီး ဘိလိယက်ခုံမှာ ဇူလိုင် ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ကျိုက်ပိကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ကိုလှဌေးကို အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာပါ။

ကိုလှဌေးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနဲ့နောက်ကျောတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုပြီးနောက် နာရီဝက်ခန့်အကြာမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အလောင်းကို ကျိုက်ထိုဆေးရုံထံ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြည်သူ့စစ်အဖွဲ့ဝင် ကိုလှဌေးဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ လုံခြုံရေးကင်းလှည့်တာနဲ့ စစ်ဆေးမှုတွေမှာ လိုက်ပါဆောင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် ကျိုက်ထိုအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ကျိုက်ထိုမြို့နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအပါအဝင် သတင်းပေးဒလန် ၁၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.