ရန်ကုန် ၊ ဇွန် ၆

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီးနောက် ဈေးနှုန်းပြန်လည်ကျဆင်းစေဖို့အတွက် သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဇွန် ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းအနေနဲ့ နေ့စဉ်ရောင်းချရမယ့် ရွှေဈေးနှုန်းတွေကို တစ်နေ့ ၃ ကြိမ် ထုတ်ပြန်ပေးထားသလို သတ်မှတ်ဈေးနှုန်းအတိုင်း ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ဖွင့်လှစ်ပြီး အရောင်းအဝယ်ပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ရွှေနဲ့ငွေကြေးဈေးကွက်ကို စစ်ကောင်စီ လက်အောက်ခံ စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက စောင့်ကြည့်နေပြီး လာရောက်စစ်ဆေးတဲ့အခါ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချမှုတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပေမယ့် ဘယ်လိုပုံစံတွေနဲ့ အရေးယူဆောင် ရွက်သွားမလဲဆိုတာကိုတော့ တိတိကျကျ ထုတ်ပြန်ထားတာ မရှိပါဘူး။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ အခုလိုရည်ညွှန်းဈေးသတ်မှတ်ပြီး ရောင်းခိုင်းတာကြောင့် အပြင်ပေါက်ဈေးနဲ့ မကိုက်တဲ့အတွက် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသလို အခုရက်ပိုင်း ဒေါ်လာဈေးနဲ့ ရွှေဈေးလည်း အတိအကျမထွက်တာကြောင့် ဈေးကိုတော်တော်ခွာပြီး ဝယ်ယူမှုတော့ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

“ဒီရက်ပိုင်းမှာကလေ လိုင်းပေါ်က ဈေးတွေက ဘယ်လောက်ထိမှန်ပြီးတော့ ဘယ်လောက်ထိ အရောင်းအဝယ်လုပ်နေကျလဲဆိုတာ မသိဘူးပေါ့နော်။ သိသလောက်တော့ ဥပမာပြန်ဝယ်လို့ရှိရင် ဈေးတွေ အရမ်းခွာတယ်။ ဒီကာလမှာ ဥပမာ ၄၈ သိန်းနဲ့ YGEA က ထုတ်ထားတယ်ဆိုရင် ၄၃ သိန်း၊ ၄၄ သိန်းလောက်ပဲ ပေးရင်ပေးလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အတက်အကျ အရမ်းကြမ်းတဲ့ကာလဖြစ်တဲ့အတွက် ဆိုင်တွေက မဖြစ်မနေဝယ်ပေးရမယ်ဆိုရင် ဈေးကိုတော်တော်ခွာပြီးတော့ ပြန်ဝယ်လိမ့်မယ်ပေါ့နော်။ အဲဒီလိုမျိုးပဲ လုပ်လေ့လုပ်ထရှိတော့ အဲဒီလိုမျိုးပဲ လုပ်လိမ့်မယ်ထင်တယ်။ အဓိကကတော့ အခုကာလမှာက ဈေးအမှန်က ဘယ်ဟာလဲဆိုတာ ပြောဖို့ခက်တာပေါ့နော် ”လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၈ သိန်းကျော်နဲ့ရောင်းချဖို့ သတ်မှတ်ထားပေမယ့် ဖမ်းဆီးမှုတွေရှိတာကြောင့် ရွှေဈေးကွက်အ တွင်း ပြင်ပပေါက်ဈေး မဖွင့်ရဲကျတော့ဘူးလို့ သူကဆက်ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်း ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်က မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီဟာ ရွှေဈေးနှုန်း မတည်ငြိမ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နာမည်ကြီး အထင်ကရ ရွှေဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်အပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဖမ်းဆီးဝရမ်းထုတ်ထားသလို ၂၁ ဦးကို ဖမ်းဆီးအရေးယူထားပါတယ်။

စီးပွားရေး ပညာရှင်တွေကတော့ ရွှေဈေးနှုန်း မြင့်တက်လာရတာဟာ ဒေါ်လာဈေးနှုန်း မြင့်တက်လာတာကြောင့်ဖြစ်ပြီး ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးရုံ၊ ရည်ညွှန်းဈေး သတ်မှတ်လိုက်ရုံနဲ့ ရွှေဈေးနှုန်းသိသိသာသာ မကျဆင်းနိုင်ဘူးလို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၃ သိန်း ဝန်းကျင်သာရှိခဲ့ရာမှ စစ်ကောင်စီလက်ထက်မှာတော့ စံချိန်တင်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-YEAS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.