မော်လမြိုင် ၊ ဇွန် ၆

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် စာသင်ကျောင်းတွေမှာ ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသားမိဘတွေဆီကနေ စစ်ကောင်စီလက်အောက်ခံ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေက ငွေကျပ်သိန်းနဲ့ချီ တောင်းခံတာတွေရှိတယ်လို့ ကျောင်းသားမိဘတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငွေကြေးတောင်းခံရာမှာ ရပ်ကွက်ကျော်ပြီး ကျောင်းလာရောက်အပ်နှံသူတွေ၊ ကျောင်းပြောင်းရွှေ့သူတွေအပြင် အခုနှစ်မှကျောင်းစနေတဲ့ ကလေးငယ်တွေရဲ့ ကျောင်းသားမိဘတွေထံကနေပါ ငွေ ကြေးသိန်းနဲ့ချီ တောင်းခံတာတွေ ရှိနေပါတယ်။

ငွေးကြေးတောင်းခံတဲ့ နေရာမှာလည်း ကျောင်းအနေအထား အပေါ်မူတည်ကာ အနည်းဆုံး ကျပ်တစ်သိန်းမှ သုံးသိန်းကျော်အထိ အဆင့်ဆင့်ပေးဆောင်နေရတာဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အဲဒီထဲမှာ မော်လမြိုင်မြို့ပေါ်က အခြေခံပညာအထက်တန်းကျောင်းတွေဖြစ်တဲ့ အထက ၆ ၊ အထ က ၈ ၊ အထ က ၉ နဲ့ အထက ၁၀ တို့မှာ ငွေကြေးတောင်းခံမှု အဆိုးဆုံးကျောင်းတွေ ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက တစ်ညီတစ်ညွတ်တည်း ပြောဆိုတာပါ။

“ဥပမာအမှတ် ၁၀ အထကဆိုရင် ဒိုင်ဝန်းကွင်းအပိုင်းပေါ့။ အဲဒီဒိုင်ဝန်းကွင်းအပိုင်း မဟုတ်ဘဲနဲ့ တ ခြားရွှေတောင်တို့လို သူ့ကျောင်းပရဝုဏ်နဲ့ နည်းနည်းဝေးတဲ့ လူတွေဆို ပိုက်ဆံတောင်းတယ်။ ဆ ရာမကြီးတွေ ကျောင်းအုပ်ကြီးကို ကန်တော့ရတာရယ်၊ အဲဒီမှာလည်း သူတို့ပွဲစား ဆရာမရှိတယ်။ သူတို့အချင်းချင်း အဲဒီလိုညှိပြီးတော့ အဲဒီဆရာမကနေပြီးတော့ ဆရာမကြီးကိုဘယ်လောက် ကန် တော့လိုက်ပါပေါ့။ လောလောဆယ် ငွေတောင်းနေတာကတော့ အမှတ် ၁၀ အထက အမှတ် ၈ ၊ အမှတ် ၉ ၊ အမှတ် ၉ ကျတော့လည်း နည်းနည်းအမောင့်များတယ်။ နှစ်သိန်းခွဲတို့၊ သုံးသိန်းတို့ လူစဉ်ကြည့်ပြီး တောင်းတာရှိတာပေါ့”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ကျောင်းအပ်တဲ့နေရာမှာ ငွေကြေးအဆမတန် တောင်းခံနေတာကြောင့် တချို့ကျောင်းသားမိဘတွေဟာ ကျောင်းကြီးတွေမှာ အပ်နှံလို့မရဲတော့သလို နီးစပ်ရာရပ်ကွက်ထဲက ကျောင်းတွေမှာ ပြန်လည်အပ်နှံရတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကတော့ အခုပညာသင်နှစ် ကျောင်းအပ်နှံရာမှာ မည်သည့်အခ ကြေးငွေမျှ ကောက်ခံတာ၊ လက်ခံတာမပြုရလို့ ကျောင်းအုပ်၊ ဆရာ၊ ဆရာမနဲ့ အရာထမ်း၊ အမှု ထမ်းအားလုံး သိရှိလိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ ပေါ်ပေါ်တင်တင် ငွေကြေးတောင်းခံတာတွေ ရှိနေတာပါ။

ကျောင်းအုပ်တွေနဲ့ဆရာ၊ဆရာမတွေက ကျောင်းသားမိဘတွေထံကနေ ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေပေမယ့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ အရေးယူတာမရှိဘူးလို့ ကျောင်းသားမိဘတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုပညာသင်နှစ်ဖြစ်တဲ့ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေးကာလကို မေ ၂၃ ရက်နေ့ ဇွန် ၃ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး နိုင်ငံတဝန်းက စာသင်ကျောင်းတွေကို ဇွန် ၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံမှုမှာ ငွေကြေးတောင်းခံတဲ့ ဆရာ၊ ဆရာမတွေကိုတော့ ကျောင်းပြောင်းရွှေ့တာအပြင် တခြားအရေးယူမှုတွေလည်း ရှိခဲ့တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

မော်လမြိုင်မြို့နယ်မှာ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၂၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.