ထားဝယ်၊ ဇွန် ၆

ကလေးငယ်တွေအများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ် ကွက်ရှိ မူလတန်းကျောင်း ပေါက်ကွဲမှုဟာ တိုက်ပွဲလက်ကျန် ဗုံးသီးကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် တတိယတန်းက ကလေးတစ်ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုဟာ ကျောင်းဝန်းအတွင်း တွေ့ရှိခဲ့တဲ့ တိုက်ပွဲလက်ကျန်ဗုံးသီးကို သေဆုံးသွားတဲ့ ကလေးငယ်က ဆရာမထံပြဖို့ယူလာစဉ် လက်ထဲကနေလွတ်ကျပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံတွေကတော့ ဒီပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ ထိခိုက်သေဆုံးရမှုဟာ နှစ်ဖက်လက် နက်ကိုင်တပ်ဖွဲ့တွေအပြင် တိုက်ပွဲလက်ကျန်ပေါက်ကွဲစေတက်တဲ့ စစ်လက်နက်ပစ္စည်းရှိ မရှိ စစ် ဆေးပြီးမှ ကျောင်းဖွင့်ရမှာဖြစ်လို့ ဆရာ၊ဆရာမတွေအပေါ်မှာပါ တာဝန်ရှိသူတယ်လို့ ထောက်ပြပြောဆိုတာတွေ ရှိနေပါတယ်။

စာသင်ကျောင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အိမ်ရှေ့ပြင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားထားတာ ဖြစ်ပါတယ်။

စာသင်ကျောင်းပေါက်ကွဲမှုကြောင့် တတိယတန်းကျောင်းသား မောင်ထက်မြက်အောင်ဟာ အခင်း ဖြစ်ရာနေရာမှာပဲ သေဆုံးသွားပြီး မူလတန်းကျောင်းသား ၁၅ ဦးနဲ့ကျောင်းသူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၅ ဦးဟာ ပြင်းထန်ဒဏ်ရာတွေ ရရှိထားပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသား မောင်ထက်မြက်အောင်ရဲ့ နာရေးကိုတော့ ဇွန် ၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ ထားဝယ်မြို့က ဘာသာပေါင်းစုံသုသာန်မှာ သဂြိုလ်သွားမယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံ သိရပါတယ်။

စစ်တပ်လော်ဘီတွေကတော့ စာသင်ကျောင်း ပေါက်ကွဲမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က မိုင်းထောင်ဖောက်ခွဲမှုကြောင့် သတင်းအမှားဖြန့်ဝေတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.