ကျိုက်မရော၊ ဇွန် ၅

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာ ကော့ပနော-ကတုံစိကျေးရွာကားလမ်းပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို မနေ့ ဇွန် ၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ကင်းထောက်ပြီးနောက် ဒရုန်းနဲ့ ၃ လုံးဗုံးချတိုက်ခိုက်သွားတဲ့အတွက် PDF ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

“PDF တွေစစ်ဆေးရေးလုပ်နေတဲ့နေရာက ဇရပ်တစ်ခုရှိတယ်။ စစ်တပ်ဘက်က ဒရုန်းနဲ့ ၃ လုံးလောက်ချသွားတာ။ ပေါက်ကွဲသံတွေက နှစ်ဆင့်ကွဲသံတွေလည်း ကြားရတယ်။ ကျွန်တော် မျက်မြင်တွေ့ရတာ နှစ်ယောက်ထိတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ဆေးရေးဂိတ်မှာ တစ်ခါတစ်လေ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေပါ လာရောက်လုံခြုံရေးယူတာ ရှိပေမယ့် အခုဖြစ်စဉ်မှာ PDF ရဲဘော်တွေသာ ရှိနေတဲ့အချိန် ဗုံးကြဲခံရတာလို့ ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကားနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကျိုက်မရောမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် PDF တပ်ဖွဲ့ ၁၀ ထက်မနည်း လှုပ်ရှားတာတွေ ရှိနေပြီး အခုဖြစ်စဉ်မှာ ဘယ်အဖွဲ့က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့လဲဆိုတာ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကျိုက်မရောမြို့နယ် ကော့ပနော-ကတုံစိကျေးရွာအနီးတဝိုက် တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ထားဆဲဖြစ်ပြီး အဲဒီနေရာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ပါ မကြာခဏတိုက်ခိုက်လေ့ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.