မော်လမြိုင် ၊ ဇွန် ၁

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ လူမှုကွန်ရက် Facebook ကို အသုံးပြုမှု ပိတ်ပင်ထားတဲ့ စစ်ကောင်စီဟာ လုံးဝသုံးစွဲလို့မရတဲ့အထိ အပြီးတိုင်ပိတ်သိမ်းဖို့ ထပ်မံကြိုးပမ်းလာတာ ဖြစ်ပါတယ်။

လူမှုကွန်ရက် Facebook ဟာ အမျိုးသားရေး အကောင့်တုတွေ၊ ပို့စ်တွေ ဖြုတ်ချတာတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံအတွင်းမှာ Facebook သုံးစွဲမှု ပိတ်ပင်ထားတာပါ။

စစ်ကောင်စီဘက်က Facebook သုံးစွဲမှု ပိတ်ပင်ထားပေမယ့် ပြည်သူတွေဟာ VPN လို့ခေါ်တဲ့ Virtual Private Network နဲ့ ကျော်လွှားအသုံးပြုနေကြပါတယ်။

VPN ခံပြီး Facebook အသုံးပြုနေမှုတွေအား အပြီးတိုင်ပိတ်သိမ်းရေးအတွက် စစ်ကောင်စီဟာ မေ ၃၀ ရက်နေ့ကစပြီး VPN တွေကို ပိတ်ဆို့ဖြတ်တောက်မှုတွေ ထပ်မံလုပ်ဆောင်လာတာကြောင့် ပြည်သူတွေ Facebook သုံးစွဲဖို့ ခက်ခဲလာကြတာပါ။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ Facebook အသုံးပြုမှု ပိတ်ပင်မှုဟာ နိုင် ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဒီမိုကရေစီစံတန်ဖိုးတွေကို စစ်ကောင်စီဘက်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က အာဏာသိမ်းပြီးပြီးချင်းလည်း လူမှုကွန်ရက် စာမျက်နှာကို ပိတ်ဖို့ ကြိုးစားတာတွေ ရှိတယ်။ အဲဒီမှာလည်းပဲ အင်တာနက်တွေ ဘာတွေကို VPN ခံပြီး ကျွန်တော်တို့ သုံးလာတာပေါ့ဗျာ။ အခုက VPN တွေပါ သူတို့က လိုက်ပိတ်မယ်ဆိုတဲ့ဟာက လုပ်လာတယ်။လုပ်လာတဲ့ အခါကျတော့ လူတစ်ယောက်ရဲ့ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တို့၊ ဒီမိုကရေစီစံတန်ဖိုးတွေ၊ ကမ္ဘာ့စံတန်ဖိုးတွေအရ လွတ်လပ်စွာပြောဆိုခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လက်ရှိမြေပြင်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို ရာနှုန်းပြည့် ချိုးဖောက်နေသလို အခုလည်း VPN တွေ ပိတ်ပြီး လူမှုကွန်ရက် Facebook အသုံးပြုလို့ မရအောင် လုပ်ဆောင်တာဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ချင်တာကြောင့် ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Facebook အသုံးပြုမှု ပိတ်ပြီး လူမှုကွန်ရက်မီဒီယာတစ်ခုနဲ့ အစားထိုးဖို့ ပညာရှင်တွေ၊ ပြည်တွင်းက ဝန်ကြီးဌာနသုံးခုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း အတိအလင်းပြောဆိုထားတာပါ။

ပြည်သူတစ်ဦးကတော့ စစ်ကောင်စီဘက်က Facebook အသုံးပြုမှု ပိတ်ပင်လိုက်ပါက ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေးတွေပါ ထိခိုက်ကျပ်တည်းလာနိုင်တယ်လို့ သူအမြင်ကို အခုလိုပဲ ပြောပါတယ်။

“လူတိုင်းလူတိုင်းက တယ်လီဖုန်း ကိုင်တယ်ဆိုတာ Facebook သုံးချင်လို့ ကိုင်ကြတာပဲလေ။ You Tube တို့ Telegram တို့ ကျန်တဲ့ Network တွေက နောက်မှပေါ့နော်။ လောလောဆယ် အဓိက အရေးကြီးတာကတော့ ဒီFacebook ပဲလေ။ Facebook မရတော့ဘူး ဆိုရင်တော့ စီးပွားရေး ပါတယ်။ လူမှုရေးပါတယ်။ ကလေးတွေဆိုလို့ရှိရင်တော့ ပညာရေးပါလာတယ်။ အကုန်လုံးပဲလေ ဒီ Facebook ကြီးကနေပြီးတော့ အမှီသဟဲပြုနေကြတာပဲလေ။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ဒါက လုံးဝမရတော့ဘူး ဆိုလို့ရှိရင်တော့ ကျပ်သထက်ပိုကျပ်ပြီးတော့ ဆိုးကျိုးဖြစ်သွားပြီ”လို့ ဆိုပါတယ်။

လူမှုကွန်ရက် Facebook အသုံးပြုသူ အများစုဟာ Online ကနေတဆင့် အရောင်းအဝယ် ပြုလုပ်တာ၊ ပညာရေးနဲ့ ပတ်သက်ပြီး လေ့လာတာအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေ အနေတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်အောင် အသုံးပြုနေတာပါ။

လူမှုကွန်ရက် Facebook အသုံးပြုမှု ပိတ်ပင်နေတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက မြို့နယ် ၉၀ နီးပါးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ အသံအဖွဲ့က ပြီးခဲ့တဲ့ မေ ၇ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ရန်ကုန်နဲ့ နေပြည်တော်ကလွဲရင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး အဲဒီထဲက စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ တိုက်ပွဲပြင်းထန်တဲ့ဒေသတွေမှာ စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ်နည်းဗျူ ဟာကိုကျင့်သုံးပြီး ဒေသခံပြည်သူတွေအပေါ် သတင်းအချက်အလက်စီးဆင်းမှုကို ဖုံးကွယ်ထိန်ချန်နိုင်ဖို့၊ တော်လှန်ရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်မှုတွေကို ဖြတ်တောက်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာလို့ အသံအဖွဲ့က ဆိုပါတယ်။

လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူမှုကွန်ရက် Facebook သုံးစွဲသူ သန်း ၂၀ နီးပါး ရှိတယ်လို့ DataReportal ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.