မော်လမြိုင်၊ ဇွန် ၁

မွန်ပြည်နယ် သထုံခရိုင်ရဲ့မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တို့မှာ စစ်မှု ထမ်းဖို့ လူခေါ်မရတာကြောင့် စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို နေအိမ်တွေအထိ ဝင်ဖမ်းဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကနေ သတ်မှတ်လူဦးရေအတိုင်း မပေးနိုင်မှုအပေါ် စစ်ကောင်စီရဲ့ ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဖိအားပေးလာတဲ့အ တွက် ဝင်ရောက်ဖမ်းဆီးဖို့ ပြင်ဆင်နေတာပါ။

စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ မြို့နယ်တစ်မြို့နယ်လျှင် စစ်မှုထမ်းအပတ်စဉ် တစ်ခုအတွက် လူ ၅၀ နှုန်းပေးဖို့ သတ်မှတ်ထားပေမယ့် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း မပေးနိုင်တဲ့အပေါ် အခုလို စီစဉ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းစာရင်းပါသူတွေအနေနဲ့ နည်းလမ်းအမျိုးမျိုးပြ တိမ်ရှောင်းမှုတွေရှိပါက အမှုဖွင့်ထားဖို့နဲ့ ဖမ်းဆီးရမိတဲ့သူတွေကို ချက်ချင်းစစ်သင်တန်းကျောင်းတွေ ပို့ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပြပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းဖို့ မဲပေါက်ထားသူတွေနဲ့ နာမည်စာရင်းပါသူတွေကို သင်တန်းတက်ဖို့ နေ အိမ်တွေမှာ သွားရောက်ခေါ်ယူစဉ် နေအိမ်တွေမှာမရှိကြဘဲ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အခက်တွေ့နေရပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်မှုထမ်းဖို့ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေကို ရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာကြောင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ပုန်းကွယ်နေထိုင်နေရတဲ့အတွက် စစ်မှုထမ်းသတ်မှတ်လူဦးရေမရတဲ့ အခြေ အနေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဖို့အတွက် သတ်မှတ်လူဦးရေမရပါက လမ်းသွားလမ်းလာ ဒေသခံလူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေ ပို့ဆောင်လာနိုင်တာကြောင့် အထူးသတိထား နေထိုင်သွားလာကြဖို့ တိုက်တွန်းတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာရ စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ အ တွက် မွန်ပြည်နယ်မှာ လူငယ် ၄၀၀ နီးပါး စစ်သားစုဆောင်းခံထားရပြီး အများစုဟာ ရွှေ့ ပြောင်းလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

ပုံစာ-စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧည့်စာရင်းလိုက်လံစစ်ဆေးနေစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.