ဘူးသီးတောင်၊ မေ ၃၁

ရခိုင်ပြည်နယ် ဘူးသီးတောင်အကျဉ်းထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံရေး အကျဉ်းသား အပါအဝင် အကျဉ်း သား ၁၀၀ နီးပါးကို ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က မေ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့ကို AA က အပြီးသတ် သိမ်းယူပြီးနောက် အကျဉ်းထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံရေး အ ကျဉ်းသား ၃၁ ဦး အပါအဝင် ရာဇဝတ်မှုမျိုးစုံနဲ့ အ ကျဉ်းကျခံနေတဲ့ အကျဉ်းသား ၉၈ ဦးကို မေ ၁၆ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်းတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော်က ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကျဉ်းသားတွေကို AA ရဲ့ ရဲဘက် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေမှ အချက်အလက်ကောက်ယူ စိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းနဲ့အညီ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားဝတ်နေရေး အကူအညီတွေ လုပ်ဆောင်ပေးထာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအရ ခုတုံးလုပ်ကာ မတရား ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကိုလည်း မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေးပြီး နေ ရပ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ ငွေးကြေးထောက်ပံ့မှုကို မေ ၂၆ ရက်နေ့မှာ ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်က စစ်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ် သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေအရ လူသားဆန်စွာ ကူညီပေးနေတဲ့အပြင် စစ်ကောင်စီရဲ့ စစ်ဘက် ရဲ ဘက် အကျဉ်းထောင် အကျဉ်းစခန်းတွေမှာ ဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေကိုလည်း တိုက်ပွဲကြားမှ ဘေးလွတ်ရာကို ကယ်ထုတ်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင်မြို့မှာ တိုက်ပွဲမဖြစ် ပွားခင်ကတည်းက အကျဉ်းထောင်တွင်းက အကျဉ်သားတွေကို လွတ်ငြိမ်းခွင့်ပေးတာနဲ့ နခခ ၃ ကို နေရာပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားအချို့ကို ချန်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ လူမျိုးရေးအမုန်းတရားကို အ ခြေခံကာ ရခိုင်ပြည်က နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေကို အထင်အရှား မြင်တွေ့နေရတယ်လို့ AA က ဆိုပါတယ်။

တစ်ဖက်မှာလည်း ရက္ခိုင့်တပ်တော် ကယ်ထုတ်ပေးခဲ့တဲ့ အကျဉ်းသားတွေအား ကျူးလွန်ထားတဲ့ ပြစ်မှုတွေနဲ့ ကျခံထားပြီး ပြစ်ဒဏ်တွေကို ပြန်လည် စိစစ်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင်သင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုန်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.