ထားဝယ်၊ ဇွန် ၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-မေတ္တာ-ထီးခီးကားလမ်းပေါ်က တောင်သုံးလုံးကျေးရွာရှိ နေအိမ်အလုံး ၅၀၀ ကျော် ဖောက်ထွင်းခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက တောင်သုံးလုံးကျေးရွာမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရပါတယ်။

အဲဒီနောက် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတဲ့ ၃ လကြာ မေလတတိယအပတ်အတွင်း ဒေသခံပြည်သူတချို့ နေရပ်ပြန်လာစဉ် နေအိမ်အားလုံးနီးပါး ဖောက်ထွင်းခံထားရတာ ဖြစ်ပါတယ် ။

ဖောက်ထွင်းခံရတဲ့ ဒေသခံနေအိမ်တွေမှာ စားသောက်ကုန်၊ အိမ်ထောင်ပရိဘောဂ၊ တန်ဖိုးကြီး အိမ်အသုံးအဆောင် ပစ္စည်းတွေအပြင် အိုးခွက်ပုဂံတွေကအစ ပျောက်ဆုံးတာတွေ ရှိနေတယ်လို့ ဒေသ ခံတွေရဲ့ ပြောပြချက်အရ သိပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်တာ၊ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ တောင်သုံးလုံးရွာကို စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေလည်း ဝင်ရောက်တပ်စွဲနေထိုင်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၀ ရွာနီးပါး ဒေသခံပြည်သူ ထောင်နဲ့ချီအိုး အိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားခုနစ်ဦး ထက်မနည်းသေဆုံးပြီး လူနေအိမ်၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ အမြောက်အများ ထိခိုက်ပျက် စီးမှုတွေရှိခဲ့တာပါ။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ပြီးခဲ့တဲ့ ဧပြီလအစီရင်ခံစာရ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ တနင်္သာရီတိုင်းမှာ အရပ်သားပြည်သူ ၆၀၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.