မော်လမြိုင်၊ မေ ၃၁

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် နိုင်ငံတဝန်းက လူငယ် ၄၀၀၀ နီးပါး စစ်သားစု ဆောင်းခံခဲ့ရတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS က မေ ၃၀ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အဲဒီလူငယ်တွေကို သင်္ကြန်ကာလအပြီးမှာ စတင်စုဆောင်းခဲ့တာဖြစ်ပြီး သင်တန်းကျောင်းတွေကို တိုက်ရိုက်ပို့ဆောင်တာ မဟုတ်ဘဲ နီးစပ်ရာ တပ်ရင်းစခန်းတွေမှာ ခေါ်ယူစုဆောင်းခဲ့တာ ဖြစ်ပါတယ်။

မေ ၁၄ ရက်မှာတော့ နိုင်ငံတဝန်းက စစ်အခြေခံ လေ့ကျင့်ရေးတပ် (စတခ)၊ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တကက)၊ အရာခံကြပ်ကြီး သင်တန်းကျောင်း (ဗထူး)နဲ့ တပ်မတော် ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံစတဲ့ သင်တန်းကျောင်း ၁၆ ကျောင်းမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို အစီရင်ခံစာအ ရ သိရပါတယ်။

စစ်ကောင်စီရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ မေလ ၁ ရက်နေ့က စတင်ပြီး သင်တန်းကျောင်းတွေကို ပို့ဆောင်မှုတွေရှိနေပြီး မေ ၉ ရက်နေ့မှာတော့ စုဆောင်းခံရတဲ့ လူငယ်တွေအား သင်တန်းကျောင်းကို ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ BACS က ဆိုပါတယ်။

အခု စုဆောင်းခံရတဲ့ လူငယ်အရေအတွက်ဟာ ပထမအကြိမ် အရေအတွက်ထက် အနည်းငယ် လျော့ကျလာတာကို တွေ့ရှိရပြီး စစ်ကောင်စီအနေနဲ့ သတ်မှတ်ထားတဲ့ ပမာဏပြည့်မီဖို့ စုဆောင်းနိုင်တဲ့ အခြေအနေကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအပတ်စဉ် ၁ မှာ ဖွင့်လှစ်တဲ့ သင်တန်းကျောင်းအများစုဟာ စစ်ကောင်စီ စိုးမိုးထိန်းချုပ်မှု အားကောင်းတဲ့ နယ်မြေတွေမှာ ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ ဒေသအချို့မှာပါ သင်တန်းကျောင်းတွေ ဖွင့်လှစ်ခဲ့တယ်လို့ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းဖို့ အဓမ္မစစ်သားစုဆောင်းတာတွေ မလုပ်ဘဲ ဆန္ဒရှိတဲ့သူတွေကိုပဲ စစ်မှုထမ်းခိုင်းတာဖြစ်တယ်လို့ စစ်မှုထမ်းအပတ်စဉ် ၁ ခေါ်ယူစဉ်မှာ ပြောဆိုထားပါတယ်။

သင်တန်းကျောင်း အများစုဟာ ရှမ်းပြည်နယ်မှာရှိပြီး ကျန်တဲ့ သင်တန်းကျောင်းတွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုအတွက် လူငယ် ၉၀၀၀ ဝန်းကျင် စစ်သားစုဆောင်းခံခဲ့ရတယ်လို့ BACS ရဲ့ အစီ ရင်ခံစာတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.