မေ ၁၆ ရက်နေ့က ရွှေဘိုကျေးရွာကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့စဉ်။

ဂန့်ဂေါ ၊ မေ ၃၁

မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တပ်အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ မနေ့ မေ ၃၀ ရက်နေ့က သင်တော၊ရေသာနဲ့ ရွှေဘိုကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“စိတ်မနှံတဲ့သူတစ်ဦးကို ခေါင်းဖြတ်ပြီး ရက်ရက်စက်စက်သတ်သွားတာ။ နေအိမ်တွေကိုလည်း မီးရှို့သွားတယ်။ သူတို့(စစ်ကောင်စီ)အထိနာပြီး အခုတော့ပြန်ဆုတ်သွားပြီ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခေါင်းဖြတ်သတ်ဖြတ်ခံရသူဟာ ရွှေဘိုကျေးရွာနေ စိတ်ကျန်းမာရေး မကောင်းသူ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဇင်မျိုးဝင်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုကျေးရွာသို့ မရောက်မီ သင်တောကျေးရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အထိနာခဲ့တာပါ။

အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုကျေးရွာက ပြည်သူပိုင်နေအိမ်တွေရှိ တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်သွားပြီးနောက် နေအိမ် ၆၆ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကလည်း ရွှေဘိုကျေးရွာရှိ ဒေသခံနေအိမ် ၂၇၀ နီးပါးကို မီးရှို့ဖျက်ဆီခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မေ ၃၀ ရက်နေ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးပစ်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၅၁၆၁ ဦး သေဆုံးခဲ့ရပါတယ်။

သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.