မက်ဒရစ် ၊မေ ၃၁
ကတ်တလန်ဒေသမှ အမျိုးသားရေးဝါဒီတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို စပိန်အစိုးရက အတည်ပြု ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလကတည်းက ဥပဒေအရ အရေးယူခံရနိုင်တဲ့ ကတ်တလန်ဒေသခံ အမျိုးသားရေးဝါဒီ ၄၀၀ လောက် အကျိုးခံစားရမယ်လို့ မျှော်လင့်ရပါတယ်။
သူတို့တွေထဲက တော်တော်များများဟာ တရားမဝင်ဘူးလို့ သတ်မှတ်ခံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့ အဖွဲ့အစည်းမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။
ဒီဥပဒေအရ လူထုဆန္ဒခံယူပွဲအတွင်း မဲပေးသူတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း အကျိုးခံစားရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အကြီးမားဆုံး အကျိုးအမြတ်ရရှိမယ့်သူကတော့ ၂၀၁၇ ခုနှစ် ခွဲထွက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ကတ်တာလိုနီးယားဒေသဆိုင်ရာ ဥက္ကဌဟောင်း ချားလ်စ် ပူဒီမွန့်ပဲ ဖြစ်ပါတယ်။
သူဟာ ဘယ်လ်ဂျီယံနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး လွှဲပြောင်း မခံရစေရေး ရှောင်ရှားကာ အဲဒီနိုင်ငံမှာပဲ နေထိုင်နေတာ ဖြစ်ပါတယ်။
တခြား လွတ်လပ်ရေးလိုလားတဲ့ နိုင်ငံရေးသမား တော်တော်များများလည်း စပိန်ကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
ဥက္ကဌဟောင်း ပူဒီမွန်ရဲ့ ကတ်တလန်အတွက် အတူတကွ လှုပ်ရှားရေး JxCat ပါတီနဲ့ ကတ်တလန် ရီပက်ဘလေကန် လက်ဝဲ ERC ပါတီတို့က သူတို့ရဲ့ ဒေသဆိုင်ရာလွှတ်တော်အနေနဲ့ စပိန်ဝန်ကြီးချုပ် မစ္စတာ ဆန်းချက်ဇ်ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထောက်ခံပါ့မယ်လို့ ကတိပြုပြီး သူ့ဆီက လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခဲ့တာဖြစ်ပါတယ်။
ကတ်တလန်ဒေသဆိုင်ရာ လွှတ်တော်မှာ ရာထူးအာဏာအပ်နှင်းမှု ဆိုင်ရာ မဲခွဲဆုံးဖြတ်ပွဲအတွက် စပိန်ကို ပြန်လာဖို့ ရည်ရွယ်ထားတယ်လို့ မစ္စတာ ပူဒီမွန့်က ပြောဆိုထားပါတယ်။
အဲဒီမဲခွဲမှုကို ဇွန်လမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ရပါတယ်။သူဟာ မကြာသေးခင်က ကတ်တလန် ရွေးကောက်ပွဲမှာ JxCat ပါတီအတွက် ထိပ်သီးကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပြီး ကတ်တလန်ဆိုရှယ်လစ်ပါတီ PSC နောက် ဒုတိယသာရရှိခဲ့ပါတယ်။
ဒေသဆိုင်ရာဥက္ကဌဟောင်းက သူ့အနေနဲ့ အစိုးရဖွဲ့ဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပေမယ့် အစိုးရဖွဲ့ရေး သူ့မှာလုံလောက်တဲ့ ထောက်ခံမှု မရှိခဲ့ပါဘူး။
ကတ်တာလိုနီးယားဒေသဟာ စပိန်မှာအချမ်းသာဆုံးဒေသဖြစ်ပြီး စပိန်နိုင်ငံကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ရေး ကြိုးပမ်းခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။
Ref:BBC