မော်လမြိုင် ၊ မေ ၃

အင်အားချိနဲ့လာနေတဲ့ စစ်ကောင်စီကို အားလုံးက အဆုံးသတ်တိုက်ပွဲဆင်နွှဲနေချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုအတွင်း မွန်ပြည်ဟံသာဝတီသစ် ပြန်လည်ထူထောင်နိုင်ရေး မွန်လူထုတစ်ရပ်လုံး ပါ ဝင်ကြဖို့ မွန်တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့မှာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင် အလောင်းမင်းတရားကြီးခေါ် ဦးအောင်ဇေယျကနေ မွန်တွေရဲ့ ဟံသာဝတီ နေပြည်တော်ကို အပြီး တိုင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နေ့ဖြစ်ပြီး အခုချိန်မှာ ၂၆၇ နှစ်မြောက်ရှိခဲ့ပါပြီ။

အဲဒီအခါက ရဟန်းသံဃာတော်တွေ အပါအဝင် ကလေးငယ်တွေမကျန် သန်းပေါင်းများစွာသော မွန်လူမျိုးတွေ လူမျိုးတုံးသတ်ဖြတ်ခြင်းခံခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်တဲ့ မွန်စာပေကျမ်းဂန်တွေနဲ့ မြို့ရွာတွေလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရတာပါ။

ဒီလိုမျိုးလုပ်ရပ်ဟာ မြန်မာဧကရာဇ်တွေနဲ့ အာဏာရှင်အဆက်ဆက်က မွန်လူမျိုးတွေကို ဖိနှိပ်ပြီး အခုအချိန်အထိ မီးလောင်တိုက်သွင်းနေတာဟာ ပြီးခဲ့တဲ့ ဓမ္မသရွာဖြစ်စဉ်က သက်သေပြနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

မွန်ဟံသာဝတီပျက်သုဉ်း‌နေ့ကိုရောက်တိုင်း သေပွဲဝင်ခဲ့ကြရတဲ့ မွန်လုထုတွေအတွက် ရည်စူးကာ ဆွမ်းသွတ်အလှူ အမျှပေးဝေတဲ့ လွမ်းဆွတ်ကြေကွဲဖွယ် နေ့တစ်နေ့ဖြစ်သလို နောင်တစ်ချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်ပြန်လည်တည်ဆောက်နိုင်ဖို့ နှိုးဆော်အားပေးတဲ့ နေ့တစ် နေ့လည်း ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းက ဖက်ဒရယ်ပြည် ထောင်စုအတွင်း မွန်ပြည်ထူထောင်နိုင်ဖို့ ကြိုးပမ်းရာမှာ မွန်လူမျိုးတွေအားလုံး ဝိုင်းဝန်းပါဝင်သင့်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကိုယ့်ရဲ့ ရပ်မြေဒေသ ကိုယ့်ရဲ့လူမျိုးတွေ အခြေစိုက်ရာဒေသမှာ အနည်းဆုံး ကျွန်တော်တို့ရဲ့ ပြည် နယ်ကို ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ထူထောင်နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်တယ်။ အဲဒီကြိုးပမ်းမှုမှာ ကျွန်တော်တို့ မွန်လူမျိုးတွေအားလုံး ဝိုင်းဝန်းပါဝင်သင့်တယ်။ ဒီတော်လှန်ရေးမှာ ပါဝင်နိုင်တယ်။ တော်လှန်ရေးကို နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်အတွက် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်မရ သရွှေ့တော့ (မွန်) လူမျိုးကတော့ တဖြည်းဖြည်းတိမ်ကော ပျောက်ကွယ်သွားမှာလည်း အထူးစိုးရိမ်ပါတယ်။ ဒါကြောင့် ဒီကနေ့ကာလမှာတော့ အားလုံးပါဝင်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်”လို့ ဆိုပါတယ်။

ကျန်ရှိတဲ့ မွန်လူမျိုးတွေဟာ ဟံသာဝတီပျက်သုဉ်းပြီးနောက်ပိုင်း မြန်မာပဒေသရာဇ်တွေအပါဝင် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တွေနဲ့ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၂၆၀ ကျော် ကျွန်ဘဝနဲ့ နေထိုင်လာခဲ့ရတဲ့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရှုံးခဲ့ရတယ်လို့ နိုင်မွန်စိုင်းက ထောက်ပြပါတယ်။

တစ်ဘက်မှာ ဒီလိုမျိုး ကိုယ့်နယ်မြေဒေသတွေ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်တွေ ပျက်သုဉ်းဆုံးရှုံးခဲ့ရတဲ့အခါ ဧရာဝတီနဲ့ ပဲခူးတိုင်းက မွန်လူမျိုးတွေလည်း ဗမာမှုပြုခြင်းခံခဲ့ရပြီး စာပေယဉ်ကျေးမှုနဲ့တကွ မွန်တွေရဲ့ အထောက်အထားဖြစ်တည်မှုတွေလည်း အတော်များများ ပျောက်ဆုံးခဲ့ရတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကလည်း ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်တွေဟာ တောင်းဆိုဆွေးနွေးလို့ မရတဲ့အတွက် စစ်အုပ်စုကို တစ်ညီတညွတ်တည်း စုစည်းပြီး တိုက်ခိုက်ဖို့ လူငယ်တွေကို တိုက်တွန်းပါတယ်။

“မွန်ပြည်သူပြည်သားအားလုံးကို ပြောကြားလိုတာက ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ အခွင့်အရေး လွတ်လပ်ခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတွေကို တောင်းဆိုယူလို့မရဘူး။ ဆွေးနွေးယူလို့မရဘူး၊ လူသားပီပီ လူလိုပြောလို့မရဘူး။ လူလိုပြောလို့မရတဲ့ ဒီစစ်အုပ်စုခေါင်း ဆောင်တွေကို ကျွန်တော်တို့ တစ်ညီတညွတ်တည်း စုစည်းပြီးတော့ တိုက်ခိုက်ဖို့ အချိန်အခါကောင်းဖြစ်ပါတယ်။ ဒါကြောင့်လူငယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးတွေကို ဝင်ရောက်ပြီးတော့ တာဝန်ထမ်းကြဖို့ လိုပါတယ်”လို့ ဆိုပါ တယ်။

ဒါ့အပြင် မွန်တွေအားလုံး တစ်ညီတစ်ညွတ်တည်း ပေါင်းစည်းပြီး မွန်ပြည်တည်ထောင်တဲ့ နေ့တစ် နေ့ကို အမြန်ဆုံးရောက်ရှိနိုင်ဖို့နဲ့ တော်လှန်ရေးအမြန်ပြီးဆုံးနိုင်ဖို့ ပူးပေါင်းထောက်ပံ့မှုတွေပေးပြီး အင်အားချိနဲ့နေတဲ့ စစ်ကောင်စီကို တိုက်ပွဲဝင်သွားကြဖို့ သူကထပ်မံတိုက်တွန်းပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ စိုးမိုးချုပ်ကိုင်ခြယ်လှယ်မှုတွေကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ အရပ်သားစစ်စစ်အုပ်ချုပ်တဲ့ ဒီမိုကရေစီအနှစ်သာရကို ငါးနှစ်ဝန်းကျင်သာ မြည်း စမ်းခွင့်ရခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုနဲ့ အဆုံးသတ်ခဲ့ရတာပါ။

အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ဗမာလူမျိုးအပါအဝင် နိုင်ငံတွင်းမှာနေထိုင်ကြတဲ့ လူ မျိုးတွေတိုင်းကို စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေဟာ ကမ္ဘာသိငြင်းမရတဲ့ သက်သေအထောက်အထားများစွာ ရှိနေခဲ့ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ ကျော်အတွင်း ဦးအောင်ဇေယျနဲ့ အပေါင်းအပါတွေက မွန်လူမျိုးတွေကို တိုက်ခိုက်ခဲ့မှုနဲ့ လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ မကွာခြားလှဘူးလို့ မွန်တော်လှန်ရေးသမားတွေက ရှုမြင်ကြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက‌တော့ အနာဂတ် မွန်ပြည်တည်ဆောက်ရေးအတွက် နိုင်ငံရေးဦး ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ကြိုးပမ်းနေပြီး မွန်လူထုတရပ်လုံး မွန်ပြည်ဟံသာဝတီ (အသစ်) ပြန် လည်ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Voice TV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.