မော်လမြိုင် ၊ မေ ၂၈

နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ကြားကာလ အုပ်ချုပ်ရေးအစီအမံတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အုပ်ချုပ်ရေးကော်မတီကို ပြန်လည်ပြင် ဆင်ဖွဲ့ စည်းထားတယ်လို့ မေ ၂၇ ရက်နေ့မှာ ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ဒုတိယကြိမ် ညီလာခံပြုလုပ်ပြီးနောက်ပိုင်း မွန်ပြည်မှာ အာဏာသုံးရပ်ကို ကျင့်သုံးနိုင်ဖို့ ဥပဒေပြုရေး၊တရားရေးနဲ့ အုပ်ချုပ်ရေးကော်မတီ သုံးခုကို ပြန်လည်ပြင် ဆင်ဖွဲ့စည်းခဲ့တာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက ဒုတိယကြိမ် ညီလာခံအပြီး ဌာနမှူးတွေ နှုတ်ထွက်သွားတာရှိခဲ့ပြီး လက်ရှိမှာ ဌာနမှူးတွေအကုန် ပြန်ဖြည့်နိုင်တဲ့အတွက် အခုလို ထုတ်ပြန်ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒုတိယအကြိမ် ညီလာခံပြီးတဲ့အချိန်မှာ တချို့သော ဌာနမှူးတွေ နှုတ်ထွက်သွားတာတွေရှိတယ်။ ဒုဌာနမှူးတွေ မရှိသေးတာရယ်၊ တချို့သော ရုံးအုပ်တွေပေါ့။ အဲဒါတွေ မရှိသေးတာရယ်၊ တခြားဌာနတွင်း ဝန်ထမ်းတွေ မပြည့်မစုံဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့အချိန်ယူပြီး ပြန်လည်ဖြည့်စွက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းဌာနမှူးတွေ တော်တော်များများလည်း ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းနိုင်ပြီဖြစ်တဲ့အတွက် အားလုံးကို ပြန်လည်ပြီး ထုတ်ပြန်ရတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးကော်မတီမှာ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန၊ လူ ငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေးဌာန၊ ပြင်ပဆက်ဆံရေးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ကောက်ဌာနတို့ ပါဝင်ပါတယ်။

အဲဒီဌာနတွေရဲ့ ဌာနမှူးတွေဟာ အမည်နာမဖော်ပြချက်အရ မွန်လူမျိုးတွေဖြစ်ကြပေမယ့် ဒုတိယဌာနမှူးအပါအဝင် ရုံးအုပ်နဲ့ အခြားသော ဝန်ထမ်းတွေကတော့ ဗမာ၊ ကရင်စတဲ့လူမျိုးတွေ ပါဝင်ပြီး ဌာနတွင်းမှာလည်း နယ်စုံကဖြစ်တဲ့အတွက် လူမျိုးစုံတယ်လို့ နိုင်မွန်စိုင်းက ဖြည့်ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ ပြည်နယ်အတွင်းရှိ နွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ တိုင်း ရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေ၊ CDM သမားတွေ၊ နိုင်ငံရေးသမားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူမျိုးစုကိုယ်စားလှယ်တွေ၊ အမျိုးသမီး LGBT နဲ့ လူငယ်အဖွဲ့အစည်းတွေအပြင် တတ်သိပညာရှင်တွေနဲ့ စုပေါင်းဖွဲ့စည်းထာတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ သတင်းပြန်ကြားရေးနဲ့ လူထုဆက်ဆံရေးဌာန ဌာနမှူးဒေါက်တာ သီရိမွန်ချမ်းကလည်း အုပ်ချုပ်ရေးကော်မတီမှာရှိတဲ့ ဌာနအများစုဟာ အတိုင်းအတာတစ်ခုအထိလည် ပတ်နေပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အုပ်ချုပ်ရေးကော်မတီအောက်မှာရှိတဲ့ ဌာန ၉ ခုအနက် အများစုဟာ အတိုင်းအတာတစ်ခုအထိ လည်ပတ်နေပါပြီ။ ဥပမာ ကာကွယ်ရေးဌာနအောက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF ရှိနေပြီး စစ်ရေးမဟာမိတ်အနေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ စတင်‌ဆောင်ရွက်နေပါတယ်”လို့ ဆိုပါတယ်။

အလားတူ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာန၊ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနတွေကလည်း မိမိတို့လှုပ်ရှားနိုင်တဲ့ ဒေသတွေမှာ ကူညီမှုလုပ်ငန်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီး ကျန်ဌာနတွေကလည်း စတင်အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေတာပါ။

လူငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေးဌာနမှာတော့ ပဋိပက္ခကြောင့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကူညီစောင့်ရှောက်ဖို့ အများကြီး လုပ်ဆောင်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့အုပ်ချုပ်ရေးကော်မီတီဟာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ရပ်ရွာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ မွန်ပြည်ကြားကာလ ပူး‌ပေါင်းဆောင်ရွက်ရေးကော်မတီကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီအဖြစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ညီ လာခံအပြီးမှာ အသွင်းပြောင်းခဲ့ပါတယ်။

တစ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်‌ရေးအ တိုင်ပင်ခံကောင်စီ NUCC မှာ ကိုယ်စားလှယ်သုံးဦး စေလွှတ်ထားပြီး ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီ AD နဲ့လည်း စစ်ရေး၊ နိုင်ငံရေးနဲ့ ကယ်ဆယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.