မော်လမြိုင် ၊ မေ ၂၈

မွန်ပြည်နယ်မှာတော့ အခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ ကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် အထွေ ထွေ အခက်အခဲတွေကြောင့် ကြဲခင်းစိုက်ပျိုးမှုတွေ များလာတဲ့အတွက် စပါးအထွက်နှုန်း ကျဆင်းမှုနဲ့ရင်ဆိုင်ရနိုင်တယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စပါးစိုက်ပျိုးဧက ၇ သိန်းနီပါးရှိတဲ့ မွန်ပြည်နယ်မှာ မိုးစပါးကို နှစ်စဉ်မေလအလယ်က ဇူလိုင်လဆန်းပိုင်းအထိ စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပြီး ဒီနှစ်မှာတော့ မျိုးထောင်စိုက်ပျိုးမှုထက် ကြဲခင်းစိုက်ပျိုးမှုတွေကိုသာ လုပ်ကိုင်လာကြတာပါ။

မိုးစပါးစိုက်ပျိုးတဲ့ တောင်သူတွေဟာ ကျွမ်းကျင်လုပ်သား ရှားပါးလာတာ၊ စက်သုံးဆီ၊ဓာတ်မြေသြဇာအပါအဝင် အထွေထွေကုန်စရိတ် အဆမတန်မြင့်တက်လာကြောင့် ကြဲခင်းစိုက်ပျိုးမှုတွေကို ရွေးချယ်လာကြတာ ဖြစ်ပါတယ်။

ပေါင်မြို့နယ်က တောင်သူတစ်ဦးကတော့ ကြဲခင်းစိုက်ပျိုးမှု များလာတာကြောင့် လာမယ့်နှစ် စပါးပေါ်ကာလမှာ အထွက်နှုန်းသိသိသာသာ ကျဆင်းလာမယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။

“တချို့တောင်သူတွေ ကျတော့လည်း လုပ်သားရှားပါးတာရော၊ စရိတ်စကကြီးတာရော၊ တော် တော်များများက ဒီစိုက်ခင်းကို မလုပ်တော့ဘဲနဲ့ ကြဲစနစ်ပေါ့။ ကြဲပက်စနစ်ကိုပဲ တော်တော်များများ လုပ်ကြမယ်။ ဘာကြောင့်လဲဆိုတော့ လုပ်သားရှားပါးမှုရယ်၊ စရိတ်စကကြီးတာရယ်၊ စိုက်ပျိုးစ ရိတ်ကြီးလာတာကြောင့် ကြဲပက်စနစ်ကိုပဲလုပ်တဲ့ တောင်သူတွေက လုပ်မှာပေါ့။ ဒီတစ်မိုးမှာ ပြီးစီးသွားရင်တောင် အထွက်နှုန်းကျတာတို့ ဘာတို့တွေ ဖြစ်နိုင်တာပေါ့နော်”လို့ ဆိုပါတယ်။

စပါးစိုက်ပျိုးမှုအရ ကြဲခင်းစနစ်နဲ့ စိုက်ပျိုးမှုဟာ တစ်ဧကလျှင် အများဆုံး တင်း ၄၀ လောက်သာ ထွက်ရှိပြီး ပျိုးထောင်စိုက်ပျိုးမှုဟာ တစ်ဧကလျှင် အနည်းဆုံး တင်း ၅၀ ကနေ တင်း ၇၀ လောက်အထိ ထွက်ရှိတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်က တောင်သူတစ်ဦးကလည်း လုပ်သားရှားပါးတဲ့အတွက် ကြဲခင်းအနေနဲ့သာ စိုက် ပျိုးထားပြီး ကြဲခင်းဟာဆိုရင် ရာသီဥတုဒဏ်နဲ့ စနစ်ကျမှု မရှိတာကြောင့် အထွက်နှုန်းတွေ ကျဆင်းနိုင်တယ်လို့ ပြောပါ တယ်။

“ကျွန်တော်တို့ဘက်ခြမ်းမှာ အလုပ်သမားရှားပါးလာတဲ့ ကိစ္စရှိထားတဲ့အတွက် အခြောက်ကြဲ ကြဲထားကြတာပေါ့။ ပြောရမယ်ဆိုရင်တော့ ကြဲခင်းဆိုတဲ့ဥစ္စာက အမှောင်ထဲခဲပစ်တဲ့ အဆင့်ပဲလေ။ ရာသီဥတုက ရေတအားကြီးအောင်ရွာလိုက်ရင် အဲဒီကြဲခင်းက ရှုံးဆုံးသွားရော။ နောက်သူက ဘယ် လိုလဲဆိုရင် စိုက်ထားတာ မဟုတ်တော့ အတန်းတွေ၊ လမ်းတွေနဲ့ မဟုတ်တဲ့အခါကျတော့ သူကထူချင်လည်း ထူမယ်၊ ပါးချင်လည်းပါးမယ်၊ မြက်လည်းတက်တယ်ဆိုတော့ ထွက်နှုန်းကတော့ ကွာသွားတာပေါ့”လို့ ဆိုပါတယ်။

ဒေသတွင်းက တောင်သူတွေဟာ ဒီနှစ်မိုးစပါးစတင် စိုက်ပျိုးချိန်မှာ သွင်းအားစုဈေးနှုန်း ထပ်မံမြင့်တက်လာမှုနဲ့ ကြုံနေရသလို စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှု ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

အခုလို အခက်အခဲတွေရှိလာတဲ့အတွက် တချို့ တောင်သူတွေက စပါးစိုက်ပျိုးမှုဧက လျော့ချ စိုက်ပျိုးလာကြတာတွေ ရှိသလို တချို့တောင်သူတွေအနေနဲ့ မိသားစု စားဖို့လောက်သာ စိုက်ပျိုးတော့တယ်လို့ တောင်သူတွေက ပြောပြပါတယ်။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအရ စပါးထွက်ရှိမှုနှုန်းအဆင့်ရှစ်မှာရှိနေပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေသလို ထွက်ရှိလာတဲ့ စပါးတွေကိုတော့ တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.