ဝါရှင်တန်၊ မေ ၂၄

ရုရှားက အမေရိကန်အစိုးရပိုင် ဂြိုဟ်တုတစ်လုံးရဲ့ လမ်းကြောင်းမှာ ဂြိုဟ်တုဖျက် လက်နက်ဖြစ်ဖွယ်ရှိတဲ့ အရာတစ်ခုကို လွှတ်တင်ထားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့ပါတယ်။

ရုရှားက အခြားဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်တယ်လို့ ယူဆရတဲ့ အာကာသတိုက်ခိုက်ရေး လက်နက်ဖြစ်ဖွယ်ရှိတဲ့ ဂြိုဟ်တုတစ်လုံးကို ကမ္ဘာ့ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှာ လွှတ်တင်ထားတယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်မှူးချုပ် ပက်ရိုက်ဒါက မေ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မေ ၁၆ ရက်နေ့က လွှတ်တင်ခဲ့တဲ့ ရုရှားအာကာသ တိုက်ခိုက်ရေး လက်နက်ဟာ အမေရိကန်အစိုးရပိုင် ဂြိုဟ်တုနဲ့ လမ်းကြောင်း တစ်ခုတည်းပေါ်မှာ ရှိနေကြောင်း ဗိုလ်မှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

မိမိတို့အနေနဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပြီး အမေရိကန် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အသင့်ပြင်ထားကြောင်း ဗိုလ်မှူးချုပ်ရိုက်ဒါက ပြောပါတယ်။

ရုရှားအစိုးရက အာကာသတိုက်ဖျက်ရေး လက်နက်လွှတ်တင်ထားတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာမှာ ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မိမိတို့အနေနဲ့ မှတ်ချက်မပေးနိုင်ကြောင်း၊နိုင်ငံတကာဥပဒေကို မိမိတို့ လုံးဝလိုက်နာပြီး ဘယ်ဥပဒေကိုမှ ချိုးဖောက်မှု မရှိကြောင်းနဲ့ အာကာသထဲမှာ လက်နက်ထားရှိမှုကို အကြိမ်ကြိမ် ကန့်ကွက်ထားပြီး ဖြစ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်ဟာ အာကာသကို လက်နက်သဖွယ် အသုံးချဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားက မေ ၂၁ ရက်နေ့မှာ စွပ်စွဲခဲ့ပြီးနောက် အမေရိကန်ရဲ့ အခုလိုမျိုး ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အာကာသထဲမှာ ဘယ်လက်နက်မျိုးမှ မထားရှိရေး အမှန်တကယ် ဦးစားပေး ဆောင်ရွက်နေကြောင်းနဲ့ ဒီလိုလက်နက်မျိုးတွေ ထားရှိမယ်ဆိုရင် စစ်ရေးအရ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.