ဘူးသီးတောင်၊ မေ ၁၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

မေ ၁၈ ရက်နေ့ နောက်ဆုံးသိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဘူးသီးတောင်ဌာနချုပ်အပါအဝင် အမတ ၃၇၈ ၊ ခမရ ၂၃၄ ၊ ခမရ ၃၄၅ ၊ ခမရ ၃၅၂ တပ်ရင်း၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE တပ်ရင်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်၊ ၁၄ ရက်နဲ့ ၁၆ ရက်တွေမှာလည်း ဘူးသီးတောင်မြို့ရှိ နခခ ၃ ၊ နခခ ၈ ၊ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၂၆၃ နဲ့ ခမရ ၂၃၃ စတဲ့ တပ်ရင်းတွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဗျူဟာစခန်းနဲ့ တပ်ရင်းတွေမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်သင်တန်းဆင်းကာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရက္ခိုင့်တပ်တော်အား တိုက်ခိုက်နေတဲ့ စစ်သွေးကြွ ဘင်္ဂလီတပ်ဖွဲ့တွေကို လိုက်လံရှင်းလင်း ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခြေဦးတည့်ရာနေရာတွေနဲ့ ကျေးရွာတွေအပြင် ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ “အထူး” အသိပေး ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော်က တစ်ခုမကျန် သိမ်းပိုက်လိုက်တာကြောင့် ဘူးသီးတောင်မြို့အပါအဝင် AA သိမ်းပိုက်ထားတဲ့ မြို့ ၁၀ မြို့ ထက်မနည်း ရှိနေပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.