မော်လမြိုင် ၊ မေ ၁၈

ကမ္ဘာ့ရွှေနဲ့ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၅၁ ကျော်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလပထမအပတ်က ပြင်ပဈေးကွက်မှာ တစ်ကျပ်သား ၄၇ သိန်းဝန်းကျင်သာရှိတဲ့ ပြည် တွင်းမီးလင်း အခေါက်ရွှေဟာ မေ ၁၈ ရက်နေ့မှာတော့ ကျပ်သိန်း ၅၁ ကျော်အထိ စံချိန်သစ်ထပ်တင်ခဲ့ပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေရည်ညွှန်းဈေးနှုန်းက ကျပ်သိန်း ၄၀ ဝန်းကျင် သတ်မှတ်ထားပြီး ပြည်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ကျပ်သားကို ကျပ် ၁၁ သိန်း ကျော် ဈေးနှုန်းကွာဟနေတာပါ။

ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေနဲ့ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူများပြီး နိုင်ငံခြားငွေ ဝယ်ယူမှုများတဲ့အတွက် စံချိန်တင်ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာဈေးနှုန်းဟာ မေလပထမအပတ်က တစ်ဒေါ်လာ ကျပ် ၃၉၀၀ ကျော်သာ ရှိပေမယ့် မေ ၁၈ ရက်နေ့မှာ တစ်ဒေါ်လာကို ကျပ် ၄၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းကလည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်ကနေ ၂၄၀၀ ကျော်အထိ ဈေးနှုန်းထိုးတက်လာတာပါ။

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး မီးလင်းအခေါက်ရွှေ ရောင်းချမှု ရပ်ဆိုင်းထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.